Saturday, August 15, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေး



နေပြည်တော် ဩဂုတ် ၁၅

၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်၏ မြောက်ဘက် သစ်ခွလမ်းနှင့် ကစ္စပနဒီလမ်းဘေးဝဲယာတို့တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။








အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲသည် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်ဖြစ်ပြီး ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်၏ မြောက်ဘက် သစ်ခွလမ်းနှင့် ကစ္စပနဒီလမ်း ဘေးဝဲယာတို့တွင် အရိပ်ရပြီး ရာသီအလိုက် ရောင်စုံပန်းများပွင့်သည့် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီအစရှိသည့် သစ်မျိုး (၁၀) မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်းစသည့် ပန်းအလှပင် (၃) မျိုး ပျိုးပင်ပေါင်း (၃,၀၀၀) ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို ယခင်က နေပြည်တော်၌သာ ကျင်းပခဲ့ခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်မှစ၍ မင်းဘူးမြို့နှင့် မိတ္ထီလာမြို့များတွင် လည်းကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ဇူလိုင် (၁၂) ရက်၌ ပြင်ဦးလွင်မြို့နှင့် ဇူလိုင် (၁၃) ရက်၌ မင်းဘူးမြို့တို့တွင် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော် တစ်ကြိမ်စီ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း။

သစ်ပင်စိုက်ပျိုးပွဲတော်များကို ပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ နိုင်ငံတစ်ဝန်း သစ်တောများ ဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးစသည်တို့ပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ တစ်နိုင်ငံလုံးဒေသအသီးသီး၌ သစ်ပင်စိုက်ပျိုးပွဲတော်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေကြကြောင်း၊ နေပြည်တော်ကိုလည်း သန့်ရှင်းသပ်ရပ်ပြီး စိမ်းလန်းစိုပြည်သည့် မြို့တော်အဖြစ် တည်ဆောက်သည့်နေရာတွင် အထောက်အကူရစေရန်လည်း ပါဝင်ကြောင်း။

နိုင်ငံတော်အနေဖြင့် နှစ်စဉ် သစ်ပင်စိုက်ပျိုးခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် နိုင်ငံနှင့်အဝန်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၁ ဒသမ ၃၇ သန်းကို စိုက်ပျိုးတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း။

နိုင်ငံတော်သာယာဝပြောရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသည် အပြန်အလှန်မှီခိုလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်း အကြီးမားဆုံးစိန်ခေါ်မှုမှာ “ရာသီဥတုပြောင်းလဲမှု (Climate Change)” နှင့် “ကမ္ဘာကြီးပူနွေးလာမှု (Global Warming)" ပင်ဖြစ်ကြောင်း၊ အပူချိန်လွန်ကဲလာခြင်း၊ မိုးခေါင်ရေရှားခြင်း၊ သာမန်ထက်လွန်ကဲသည့် မိုးရွာသွန်းမှုများကြောင့် ရေကြီးရေလျှံခြင်းနှင့် ပြင်းထန်သည့် မုန်တိုင်းများ တိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာနှင့်အဝန်း ကြုံတွေ့ခံစားနေကြရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ယခင်ကထက်ပိုပြီး ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် သိသာထင်ရှားသည့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း။

မိမိတို့နိုင်ငံတွင် မကြာသေးမီ ၂၀၂၃ ခုနှစ်က ကြုံတွေ့ခဲ့ရသည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်က တောင်တရုတ်ပင်လယ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် စူပါတိုင်ဖွန်းရာဂီမုန်တိုင်းနှင့်အတူ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များသည် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၏ နောက်ဆက်တွဲဆိုးကျိုးများပင်ဖြစ်ကြောင်း၊ လက်ရှိကာလတွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၏ မြို့နယ်တချို့တွင် မိုးများစွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကို နိုင်ငံတော်အနေဖြင့် ကဏ္ဍအသီးသီးတွင် စနစ်တကျ အစီအမံဖြင့် အထူးအလေးထားပေါင်းစပ်ဆောင်ရွက်နေသည်ကို ဌာနဆိုင်ရာများနှင့် ပြည်သူအားလုံးက ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်နေသည်ကို သတိပေးမှာကြားလိုကြောင်း။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်များကို လျော့ပါးသက်သာစေရေးအတွက် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံးဖြင့် နေရာတိုင်းတွင် လူတိုင်းလုပ်နိုင်ပြီး အကျိုးကျေးဇူးများစွာရနိုင်သည့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် ကမ္ဘာပေါ်တွင် ရှိသည့် သက်ရှိသတ္တဝါများအားလုံး၏ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်သည့် တစ်ခုတည်းသော ဂေဟစနစ်ဖြစ်သည့်အတွက် “အသက်ပံ့ပိုးမှုစနစ် life Supporting System" အဖြစ် သတ်မှတ်ထားကြောင်း၊ သစ်ပင်သစ်တောများသည် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုများကိုလည်း တားဆီးကာကွယ်ပေးကြောင်း၊ ထိုမျှမက ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးနှင့် စားရေရိက္ခာဖူလုံရေးစသည့် ဂေဟစနစ်ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် သဘာဝဂေဟစနစ်များအားလုံး၏ ဗဟိုချက်ဖြစ်သည့်အတွက် စိုက်ပျိုးထိန်းသိမ်းပြီး စနစ်တကျစီမံအုပ်ချုပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ပြီး နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း။

သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ဇရပ်၊ တန်ဆောင်း၊ ကျောင်းဆောက်လုပ်လှူဒါန်းခြင်း၊ လမ်းတံတား ဆောက်လုပ်လှူဒါန်းခြင်း၊ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်းစသည်တို့နှင့် တန်းတူအကျိုးထူးများ ရရှိနိုင်သည့် ထာဝရကုသိုလ်တစ်ခုပင်ဖြစ်ကြောင်း၊ အေးမြသည့် အရိပ်အာဝါသ၊ လှပစိမ်းစိုသည့်ရှုခင်း၊ အရောင်စုံပြီး မွှေးပျံ့သည့်ပန်းရနံ့များကို လူတိုင်းကြိုက်နှစ်သက်သည်ဖြစ်သည့်အတွက် စိုက်သည့်သစ်ပင်တိုင်း ရှင်သန်အောင်မြင်စေလိုသည့် စိတ်ရင်းစေတနာကောင်းများဖြင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် တူညီသည့် အကျိုးကျေးဇူးများကို ရရှိခံစားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်း၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးစီမံကိန်း၊ ကမ်းရိုးတန်းဒီရေတောများ ဘက်စုံစီမံအုပ်ချုပ်ခြင်းစီမံကိန်းစသည့် သစ်တောထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်းများကိုလည်း ရည်မှန်းချက်များနှင့်အညီ အောင်မြင်အောင် အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း။

ထို့အပြင် အာဆီယံလမ်းမကြီး လမ်းဘေးဝဲယာ၊ ပြည်ထောင်စုလမ်းမကြီး ဘေးဝဲယာများ၊ ကျေးရွာခရိုင်ချင်းဆက် လမ်းဘေးဝဲယာများ၌ အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ သစ်တောသစ်ပင် ကျဲပါးသည့် တောင်ကုန်းထိပ်များ၊ မြစ်ချောင်းများ၏ ရေဝေရေလဲဧရိယာများတွင် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးရွာထင်းစိုက်ခင်းများနှင့် ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ခြင်း၊ မြို့ပြသစ်တောများဖွံ့ဖြိုးရေး၊ မြို့ပြဧရိယာများ စိမ်းလန်းစိုပြည်ရေးတို့ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်း သစ်ပင်မျိုးများကိုလည်း အခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင် စိုက်ပျိုးပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။

ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲတော်များ ဆောင်ရွက်ခြင်းအပြင် မိသားစုအလိုက်၊ လူမှုရေးအသင်းအဖွဲ့များအလိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များအလိုက်၊ သစ်ပင်စိုက်ပျိုး ခြင်းကိုလည်း ဒေသအသီးသီး၌ အသွင်သဏ္ဌာန်အမျိုးမျိုးဖြင့် စိုက်ပျိုးကြရမည်ဖြစ်ပြီး “တစ်ပင်စိုက်၊ တစ်ပင်ရှင်သန်စေရေး” ကိုလည်း အထူးအလေးထား စိုက်ပျိုးထိန်းသိမ်းကြရန် လိုအပ်ကြောင်း။

နိုင်ငံတစ်ဝန်း Green City ၊ Clean City ၊ Smart City နှင့် Green Village များ ဖွံ့ဖြိုးလာစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူများ ပူးပေါင်းပါဝင်မှုနှင့်အတူ အင်တိုက်အားတိုက်ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း။

ထိုသို့ဆောင်ရွက်မှသာ နေထိုင်ချင်စဖွယ်ကောင်းသည့်မြို့များ၊ ကျန်းမာသည့် လူမှုအသိုက်အဝန်းများနှင့် ရာသီဥတုပြောင်းလဲမှုကို ကြံ့ကြံ့ခံနိုင်သည့် လူနေမှုပတ်ဝန်းကျင်များ ဖန်တီးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းရှိစေရေး ရည်မှန်းချက်ကို စောစီးလျင်မြန်စွာဖြင့် မလွဲမသွေအောင်မြင်မည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ သစ်ပင်သစ်တော ပေါကြွယ်ဝမှု၊ စိမ်းလန်းစိုပြည်မှု၊ သာယာလှပမှုများသည် နိုင်ငံသားများ၏ ဂုဏ်ယူစိတ်၊ ကြည်နူးစိတ်နှင့် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်၏ သန္ဓေတည်ရာမျိုးစေ့လည်း ဖြစ်လာနိုင်မည်ဖြစ်ကြောင်း။

သစ်ပင်သစ်တောများ တည်ရှိနေခြင်းသည် အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွား၊ အနာဂတ်၏ ဖွံ့ဖြိုးတိုးတက်မှုဟု ဆိုနိုင်ကြောင်း၊ ထို့ကြောင့် “နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသည့် မူဝါဒနှင့်အညီ နိုင်ငံရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ပြီး တိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကံ့ကော်ပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို တစ်ပြိုင်တည်း တပျော်တပါး စိုက်ပျိုးကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များ တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် အရိပ်ရပြီး ရာသီအလိုက် ရောင်စုံပန်းများပွင့်သည့် ပိတောက်၊ ခရေ၊ စိန်ပန်း၊ ကံ့ကော်၊ ပျဉ်းမ၊ စွယ်တော်၊ ပန်းမဲဇလီအစရှိသည့် သစ်မျိုး (၁၀) မျိုးနှင့် ခရာဝါ၊ စိန်ပန်းကလေး၊ စက္ကူပန်းစသည့် ပန်းအလှပင် (၃) မျိုး ပျိုးပင်ပေါင်း (၃,၀၀၀) ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment