ရန်ကုန် ဇူလိုင် ၁၉
ယနေ့ကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးအနက်ထား အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဂါရဝပြုခဲ့ပါသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ယနေ့အာဇာနည်နေ့အခမ်းအနားသို့ လာရောက်ဂါရဝပြုရခြင်းနှင့် ပစ္စက္ခကာလတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့နှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများကို အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည် -
ဒီမိုကရေစီနည်းလမ်းအရရွေးချယ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ရော၊ နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ရော အာဇာနည်ခေါင်းဆောင်တွေကို ကျွန်တော်တို့က အလေးအနက်ထားအသိအမှတ်ပြုဖို့လိုပါတယ်။ ဒါကြောင့် အာဇာနည်ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီးပြုလုပ်တဲ့ အမြင့်ဆုံးဖြစ်တဲ့ အာဇာနည်နေ့အခမ်းအနားကို လာတက်ရောက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ အခြားခေါင်းဆောင်တွေလည်းပါလာတယ်။
အားလုံး စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့လာရောက်ပြီး နိုင်ငံတော်ရဲ့ အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့အနေနဲ့ ကျွန်တော်လာခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အာဇာနည်ခေါင်းဆောင်တွေအပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေက နိုင်ငံကိုဘယ်လိုမျှော်မှန်းပြီးတော့ တည်ဆောက်ခဲ့ကြသလဲ၊ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုတာ ကျွန်တော်တို့က အမြဲတမ်းလေ့လာပြီး တန်ဖိုးထားဖို့လိုပါတယ်။
လွတ်လပ်ရေးရပြီးတော့ စုစည်းညီညွတ်တဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့အတွက် အားလုံးကညီညွတ်ဖို့လိုတာပေါ့။ ညီညွတ်ရုံနဲ့မရသေးဘူး၊ တိုင်းပြည်အတွက် အလုပ်လုပ်ကြဖို့လိုပါတယ်။ စည်းကမ်းရှိဖို့လည်းလိုတယ်။ တိုင်းပြည်မှာ စည်းကမ်းအရ လိုအပ်ချက်တွေရှိနေတာအမှန်ပါပဲ။ ဒါကိုစည်းကမ်းတကျ၊ ညီညီညွတ်ညွတ်နဲ့ အလုပ်လုပ်ကြမယ်ဆိုရင်၊ စွမ်းအားရှိသမျှ အလုပ်လုပ်ကြမယ်ဆိုရင် တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်စရာအကြောင်းမရှိပါဘူး။ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့နိုင်ငံ မဖြစ်စရာအကြောင်းမရှိပါဘူး။ မြန်မာနိုင်ငံသားအားလုံး ခွန်အားရှိကြတယ်။ ကိုယ့်ခွန်ကိုယ့်အားကို အသုံးချနိုင်ဖို့ပဲလိုတယ်ဆိုတာ ပြောပါရစေ။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကတော့ အရေးကြီးတဲ့အချက်ပဲ၊ လွတ်လပ်ရေးမဆုံးရှုံးခင်က တိုင်းရင်းသားတွေအားလုံး စုစုစည်းစည်းနေခဲ့ကြတယ်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီးနောက်ပိုင်း အမျိုးမျိုးသောသွေးခွဲမှုတွေကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုပျက်ပြားခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးတဲ့အချိန်မှာလည်း အမျိုးမျိုးသောသွေးခွဲမှုတွေကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတွေ ပျက်ယွင်းခဲ့ရတယ်။ ဒါကို ကျွန်တော်တို့ပြန်ပြီး စုစည်းညီညွတ်တဲ့ ပြည်ထောင်စုတည်ဆောက်ဖို့လိုတာပေါ့။ မတည်ဆောက်နိုင်ရင်တော့ ပဋိပက္ခတွေ ဖြစ်နေမှာပဲ။ ဒါကြောင့် ညီညွတ်ရေးက အရေးကြီးပါတယ်။
ညီညွတ်ဖို့ဆိုရင် စည်းကမ်းကိုနားလည်ဖို့လိုတယ်၊ ဥပဒေကိုနားလည်ဖို့လိုတယ်၊ ဒါဆို အသိပညာ၊ အတတ်ပညာတွေ ကျွန်တော်တို့ရအောင်လုပ်ပါမယ်၊ ဒီလိုနဲ့ ပေါင်းစပ်ပြီးလုပ်မှာဖြစ်ပါတယ်၊ ဒါကြောင့် အင်မတန်အရေးကြီးပါတယ်။ တိုင်းပြည်တိုးတက်ဖို့ဆိုရင် တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုအားလုံး စုစည်းညီညွတ်ဖို့ပြောချင်ပါတယ်။
သတင်းအဖွဲ့

No comments:
Post a Comment