Monday, July 20, 2026

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး အာဇာနည်နေ့အခမ်းအနားနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများ ဖြေကြား

ရန်ကုန် ဇူလိုင် ၁၉

ယနေ့ကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ဂါရဝပြုကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက မီဒီယာများ၏မေးမြန်းမှုအပေါ် ရှင်းလင်းဖြေကြားခဲ့မှုများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် - 

နိုင်ငံတော်သမ္မတကြီးက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ၂၀၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀ ငါးကြိမ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ယာယီသမ္မတအနေနဲ့ ၂၀၂၅ ခုနှစ်မှာတစ်ကြိမ် အခု နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန် ၂၀၂၆ ခုနှစ်မှာ အာဇာနည်နေ့အခမ်း အနားကို တက်ရောက်တာဖြစ်ပါတယ်။ အာဇာနည်နေ့ကို တစိုက်မတ်မတ် တက်ရောက်ခဲ့ခြင်းက နိုင်ငံတော်သမ္မတကြီးအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ လမ်းစဉ်နဲ့မျှော်မှန်းချက်တွေကို တန်ဖိုးထားခြင်း၊ အမျိုးသားရေးတာဝန်ကို ဦးထိပ်ပန်ဆင်ခြင်း၊ သမိုင်းသင်ခန်းစာတွေ ဖော်ထုတ် ဖို့အတွက် ရည်မှန်းပြီး တက်နေတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ နိုင်ငံတော်အတွက် အသက်ပေးပြီး လွတ်လပ်ရေးကိုတိုက်ယူခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရတဲ့အနေနဲ့ ဒီနေ့အခမ်းအနားကို တက်ရောက်တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးက စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့အတူ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ဖို့အတွက်ကို ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ထာဝရငြိမ်းချမ်းရေးရရှိဖို့လည်း အလေးထားဆောင်ရွက်နေပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေချမှတ်ခဲ့တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို အကောင်အထည်ဖော်နေခြင်းပဲဖြစ်ပါတယ်။

လက်ရှိအစိုးရအနေနဲ့ လူငယ်တွေ ဗလငါးတန်ဖွံ့ဖြိုးဖို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပညာရေးကို အထူးအလေးထားအားပေးနေပါတယ်။ ဒါ့အပြင် လူငယ်စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ဖို့အတွက် အခြေခံပညာကျောင်းတွေမှာ ပြည်သူ့နီတိနဲ့စာရိတ္တ ပညာရပ်တွေကို ထည့်သွင်းသင်ကြားပေးနေပါတယ်။

နိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်ဓာတ် လူငယ်ထုအတွင်း ထာဝရကိန်းအောင်းနေစေဖို့ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်နဲ့ လူရည်ချွန်စီမံကိန်းလို နယ်ပယ်စုံလေ့ကျင့်မှုတွေကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့သမိုင်းကြောင်း၊ ခေတ်စနစ်အတွေ့အကြုံနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းမှုတွေကို သင်ခန်းစာယူနိုင်ဖို့ Video Clip တွေ၊ ပြခန်းတွေကို အခမ်းအနားတွေကတစ်ဆင့် ဖော်ပြပေးလျက်ရှိပါတယ်။ သမိုင်းသင်ခန်းစာအနေနဲ့ အချင်းချင်းစည်းလုံးညီညွတ်မှုအားနည်းရင် လွတ်လပ်ရေးဆုံးရှုံးရတတ်တယ်ဆိုတဲ့ အသိအမြင်ကိုနှလုံးသွင်းပြီး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေးကို ဦးတည်ဆောင်ရွက်နေပါ တယ်။ မိမိတို့ရဲ့ အမျိုး၊ ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ထုံးတမ်းစဉ်လာတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းဖြင့် အမျိုးသားရေးစရိုက်လက္ခဏာတွေကို မြှင့်တင်ပေးခြင်းလို့ ပြောလိုပါတယ်။

သတင်းအဖွဲ့ 

No comments:

Post a Comment