ရန်ကုန် ဇူလိုင် ၁၉
၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်သို့ ရဟန်းရှင်လူပြည်သူအများအပြား လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
“အာဇာနည်နေ့မှာ ဗိုလ်ချုပ်ပြတိုက်ကိုလာရောက်ကြတဲ့ ပြည်သူတွေနဲ့ကျောင်းသား ကျောင်းသူတွေ ကြည့်ရှုလေ့လာနိုင်အောင် ဗိုလ်ချုပ်မွေးဖွားခဲ့တဲ့ ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်ကနေ ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်အထိ ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေ၊ မိသားစုဘဝနဲ့ သမိုင်းကြောင်းတွေကို စုံစုံလင်လင် ပြသထားပါတယ်။ ကျောင်းသားကျောင်းသူတွေ၊ ပြည်သူတွေ စိတ်ဝင်တစားနဲ့ အများအပြား လာရောက်ကြည့်ရှုလေ့လာကြတာကို တွေ့ရပါတယ်” ဟု အမျိုးသားပြတိုက် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းကပြောသည်။
မော်တော်ယာဉ်ကို ပြသထား
ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သည့် နေအိမ်ပြတိုက်၌ အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ပြကွက်အမျိုးမျိုးကို ခင်းကျင်းပြသထားပြီး ပြကွက်တစ်ကွက်အဖြစ် ပြတိုက်အဝင်ပေါက်အနီး ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့သည့် မော်တော်ယာဉ်ကိုပြသထားသည်။
ပြတိုက်အတက်လမ်းတွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်အား ရှေးမူမပျက်အဆင့်ဆင့် ပြင်ဆင်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကိုပြသထားပြီး ပြကွက်နှစ်အဖြစ် လေသာဆောင်၌ ကုလားထိုင်တွင် ဗိုလ်ချုပ်စာဖတ်နေဟန် ဆီလီကွန်ရုပ်တုကိုပြသထားရာ ကျောင်းသား၊ လူငယ်များနှင့် ပြည်သူအများ အထူးစိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။
ကြည့်ရှုလေ့လာ
ထို့အတူ ပြကွက်သုံးအဖြစ် အိမ်အတွင်း၌ ဗိုလ်ချုပ်နှင့် မိသားစုထမင်းစားဝိုင်းကို ပြသထားပြီး စားပွဲပေါ်တွင် ဗိုလ်ချုပ်က ဇနီးဖြစ်သူ ဒေါ်ခင်ကြည်အား ပဲပြုတ်စားလိုကြောင်း ရေးသားပေးခဲ့သည့် ဗိုလ်ချုပ်၏လက်ရေးမူကိုလည်း ပြသထားသည်။ ထို့ပြင် စတိုခန်းနှင့် အစားအသောက်ပြင်ဆင်ပေးသည့်အခန်း၌ နည်းပညာပြခန်း (Digital Room) ကို ပြသထားရာ လူအများစိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။
ပြကွက်လေးအဖြစ် နေအိမ်၏ဧည့်ခန်းမ၌ ပန်းချီဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့သော ဗိုလ်ချုပ် စိုက်ပျိုးရေးလုပ်နေသည့် ‘အိမ် နောက်ဖေး ဈေးဆိုင်တည်’ ပန်းချီကားကိုပြသထားပြီး ထိုပန်းချီကားဘေး၌ ဗိုလ်ချုပ်အောင်ဆန်းအား အိန္ဒိယနိုင်ငံ၏ခေါင်းဆောင် မစ္စတာနေရူး ပေးခဲ့သည့် ကုတ်အင်္ကျီ၊ ဗိုလ်ချုပ်တို့အသုံးပြုခဲ့သည့် စားပွဲ၊ ကုလားထိုင်များနှင့် နံရံ၌ ဗိုလ်ချုပ်စစ်ဝတ်စုံနှင့် ကိုယ်တစ်ပိုင်းဓာတ်ပုံ၊ မိသားစုဓာတ်ပုံနှင့် ဗိုလ်ချုပ်မင်္ဂလာဆောင်စဉ်က ဓာတ်ပုံတို့ကို နံရံ၌ချိတ်ဆွဲပြသထားသည်။
အလားတူ ပြကွက်ငါးအဖြစ် အပေါ်ထပ်ဘယ်ဘက်အခြမ်း၌ ဗိုလ်ချုပ်တို့ဇနီးမောင်နှံ အိပ်ခန်း၊ ခုတင်၊ ဗိုလ်ချုပ်တို့ဇနီး မောင်နှံဓာတ်ပုံများ၊ ဗိုလ်ချုပ်အသုံးပြုခဲ့သည့် အဝတ်အထည်များ၊ ဦးထုပ်များနှင့် ရှူးဖိနပ်တို့ကိုပြသထားပြီး ထိုအခန်းနှင့်ကပ်လျက်အခန်း၌ ဗိုလ်ချုပ် စာဖတ်ခန်းကို ပြသထားသည်။
ယင်းအပြင် ပြကွက်ခြောက်အဖြစ် ကလေးများအိပ်ခန်း၊ အိပ်ခန်းအတွင်း အောင်ဆန်းလင်း၏ အဝတ်အစားများ၊ ကစားစရာများ၊ ကျောင်းစာအုပ်များနှင့် အောင်ဆန်းလင်း၏ လက်ရေးမူ စာသားနှင့် ဗိုလ်ချုပ်တို့ မိသားစုဓာတ်ပုံများကို ပြသထားသည်။
ဓာတ်ပုံတို့ကို ချိတ်ဆွဲပြသထား
ကလေးအိပ်ခန်းနှင့်ကပ်လျက် အထူးအစည်းအဝေးခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်နှင့်ဂျိန်ဖော့တိုင်းရင်းသူများဓာတ်ပုံနှင့် ဂျိန်ဖော့ဝတ်စုံဖြင့် ရိုက်ကူးထားသည့် ဒေါ်ခင်ကြည်၏ဓာတ်ပုံတို့ကို ချိတ်ဆွဲပြသထားသည်။
အစည်းအဝေးခန်းအပြင်ဘက်လျှောက်လမ်းမှ လှေကားအနီး အိမ်အောက်ထပ်၌မီးဖိုခန်း၊ ထိုနေရာမှ အိမ်အနောက်ဘက်၌ ဗိုလ်ချုပ်ကိုယ်တိုင် စိုက်ခင်းအတွင်း စိုက်ပျိုးနေသည့် စီလီကွန်ရုပ်တုကို ပြသထားသည်။
နောက်ဆုံးပြကွက် ပြကွက်ခုနစ်အဖြစ် ပြတိုက်အထွက်လမ်း၌ နည်းပညာပြကွက်များနှင့် ဉာဏ်စမ်းပဟေဠိအစီအစဉ်ကို ပြသဆောင်ရွက်ထားပြီး ဉာဏ်စမ်းပဟေဠိ ဖြေဆိုအောင်မြင်သူများကို အမှတ်တရလက်ဆောင်များလည်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သည့် နေအိမ်ပြတိုက်ကို တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ အခြားနေ့များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


No comments:
Post a Comment