ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့်ရထိုက်သော၊ ခံစားထိုက်သောအခွင့်အရေးများကို လူ့အခွင့်အရေးကြေညာစာတမ်းအဖြစ် အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာစာတမ်း အပိုဒ် - ၇ တွင် လူသားအားလုံးတို့သည် ဥပဒေအရာ၌ တန်းတူရည်တူရှိကြပြီး ဥပဒေ၏ တန်းတူကာကွယ်စောင့်ရှောက်မှုကို မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိစေဘဲ ခံစားပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေးကြေညာစာတမ်းတွင် လူသားတို့၏ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့်အားလုံးကို အပြည့်အစုံဖော်ပြထားသည်။
လူသားတိုင်းသည် လူမျိုးနွယ်အရဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ အဆင့်အတန်းအားဖြင့်ဖြစ်စေ၊ ကျား၊ မအားဖြင့်ဖြစ်စေ အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို တန်းတူညီမျှ ပိုင်ဆိုင်ရရှိခွင့်ရှိသည်ဟု ကြေညာစာတမ်းတွင်ပါရှိသည်။ ကမ္ဘာပေါ်တွင် လူသားမျိုးနွယ် စတင်ပေါ်ပေါက်လာသည့်အချိန်မှစ၍ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ နေထိုင်လိုမှု၊ စားသောက်လိုမှု၊ ရရှိပိုင်ဆိုင်လိုမှုအရဖြစ်စေ အင်အားကြီးသူက အင်အားငယ်သူတို့အပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျနှိပ်စက်မှုများ၊ ခွဲခြားဆက်ဆံမှုများရှိလာခဲ့သည်။ ယနေ့ကာလ၌ လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ အဂတိလေးပါးမကင်းမှု၊ ဘက်လိုက်မှုများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရမည်။
မျက်မှောက်ကာလတွင် လူမျိုးနွယ်အချင်းချင်းသည်ပင်လျှင် အယူဝါဒ၊ ယုံကြည်ချက်၊ ခံယူချက် မတူကွဲပြားမှုများကြောင့် အနိုင်ကျင့်ဖိနှိပ်မှုများရှိနေသည်။ အားနည်းသည့် လူ့အသိုင်းအဝိုင်းများတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိနေသည်။ မည်သို့ပင်ဖြစ်စေ လူ့အခွင့်အရေးအခြေခံမူများကို အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးကြရမည်ဖြစ်သည်။ လူသားအားလုံး၏ ဆိုင်ရာဆိုင်ရာ ယုံကြည်မှု အဆုံးအမတရားတော်များနှင့်အညီ လူသားအချင်းချင်းအပေါ် မေတ္တာတရားများထားရှိကြပြီး လူ့အခွင့်အရေးများကို မျှဝေပေးကြရမည်ဖြစ်သည်။ ဗြဟ္မစိုရ်တရားလေးပါးကို လိုက်နာကျင့်သုံး၍ အဂတိတရားလေးပါးကို ရှောင်ရှားပြီး အားလုံးတန်းတူညီမျှ ကူညီစောင့်ရှောက်ကြရမည်ဖြစ်သည်။
ယနေ့ကာလတွင် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အကြီးကျယ်ဆုံးနှင့် အထင်ရှားဆုံးသမိုင်းမှတ်တိုင်မှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းဖြစ်သည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ လူ့အခွင့်အရေး အယူအဆများသည် ခေတ်အဆက်ဆက် ပြောင်းလဲလာသည်နှင့်အမျှ ပိုမို၍ နက်ရှိုင်းကျယ်ပြန့်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း၌ မတူညီသည့်လူ့အခွင့်အရေး အယူအဆပုံစံများ ပြောင်းလဲဖွံ့ဖြိုးလာသည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်အယူအဆများနှင့်စပ်လျဉ်း၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယုံကြည်ချက်၊ ခံယူချက် အယူအဆအမျိုးမျိုးကွဲပြားသည်ကို တွေ့ရမည်ဖြစ်သည်။ ဘုံရည်မှန်းချက်သည် လူသားအားလုံးအပေါ်တွင် ကိုယ်နှင့်ထပ်တူ ကိုယ်ချင်းစာတရားထားရှိခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကြေညာစာတမ်းတွင်ပါရှိသည့်အချက်များကိုကြည့်လျှင်ပင် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားလိုက်နာကြောင်း ညွှန်းဆိုဖော်ပြထားသည်။ လူ့အခွင့်အရေးလေးစားတန်ဖိုးထားမှုများကို သက်သေထူခဲ့သည်။ ထိုခေတ်ကာလ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများကို အာမခံချက်ပေးခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာနေထိုင်လုပ်ကိုင်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်တို့ရရှိခဲ့သည်။ ခေတ်အဆက်ဆက်တွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ စီမံအုပ်ချုပ်ခဲ့သော်လည်း လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အကြီးအကဲက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အသိအမှတ်ပြုအားပေးခြင်း၊ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို နိုင်ငံတော်အဆင့် အခမ်းအနားကြီးအဖြစ် ကျင်းပခွင့်ပြုပေးခဲ့သည်မှာ လူ့အခွင့်အရေးကို နိုင်ငံတော်အစိုးရအနေဖြင့် မည်မျှတန်ဖိုးထားကြောင်းကို ပြသလျက်ရှိသည်။ လက်တွေ့အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင်ပါရှိသည့် နိုင်ငံသားများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများနှင့်အညီ နိုင်ငံသူ နိုင်ငံသားများ၏ လူ့အခွင့်အရေးရပိုင်ခွင့်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ် ၆/၇ တွင်ပါရှိသည့်အတိုင်း “ဤနေ့ဤအချိန်မှစ၍ ငါတို့ နိုင်ငံတော်သားဟူသရွေ့ကို ကြီးငယ်နီးဝေး မခြားတစ်သွေး၊ တစ်သားတည်းပြု၍နည်းများ၊ နိမ့်မြင့်မရှိစေရ၊ ညီတူညီမျှပြုမည်။ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့အားမတရားပြုခြင်းကိုလည်း လက်မခံ၊ အသက်နှင့်လဲ၍ကာကွယ်မည်” ဆိုသည့်အတိုင်း လူ့အခွင့်အရေးကို အသက်နှင့်ထပ်တူ ကာကွယ်စောင့်ရှောက်လျက် ခွင့်တူညီမျှ ဝါဒဖြူစင်သည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပါကြောင်း။ ။
No comments:
Post a Comment