Wednesday, December 10, 2025

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

 


နေပြည်တော် ဒီဇင်ဘာ ၉

အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တက်ရောက်အမှာစကား ပြောကြားသည်။




အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယို၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

Video Message ကို ပြသ

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအတွက် ပေးပို့သည့် Video Message ကို ပြသသည်။

(နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် Video Message အား ရှေ့ဖုံးနှင့် စာ-၃ တွင် သီးခြားဖော်ပြထားပါသည်။ )

ကြိုးပမ်းအကောင်အထည်ဖော်

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူအခြေပြုနည်းလမ်းများဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး တည်ဆောက်ရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အခြားအခြားသော အနှောင့်အယှက်၊ အဖျက်အမှောင့်၊ အခက်အခဲများနှင့်အတူ အဂတိလိုက်စားမှုသည်လည်း အဓိကအဟန့်အတားတစ်ခုဖြစ်နေသည်မှာ အားလုံးအသိပင် ဖြစ်ကြောင်း။

မလျော်ဩဇာသုံးခြင်းလည်းပါဝင်

အဂတိလိုက်စားမှုများသည် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဆက်နွှယ်ဖြစ်ပွားလျက်ရှိကြောင်း၊ အဂတိလိုက်စားမှုဆိုရာတွင် နိုင်ငံတော်ဘဏ္ဍာ၊ ငွေကြေး နှင့်ပစ္စည်းများကို အလွဲသုံးစားပြုမှုသာမဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြုခြင်း၊ မလျော်ဩဇာသုံးခြင်းလည်း ပါဝင်ပါကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသူများအနေဖြင့် အဂတိကင်းစင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးသည် မရှိမဖြစ်လိုအပ် ချက်ဖြစ်နေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အနာဂတ်မျှော်မှန်းချက်များချမှတ်ပြီး မဟာဗျူဟာစီမံချက်တွင် အစိတ်အပိုင်းတစ်ခုအနေဖြင့် ရေးဆွဲဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ခိုင်ခိုင်မာမာချမှတ်ထားရန်နှင့် အများပြည်သူတို့၏ မျှော်လင့်ချက်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ရည်မှန်းချက်များကို နီးကပ်နိုင်သမျှ နီးကပ်မှုရှိစေရေး ကြိုးစားအားထုတ်ရန်လိုအပ်ကြောင်း။

ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားဆိုင်ရာ အားနည်းချို့ယွင်းမှု၊ ကိုယ်ကျင့်တရားပျက်ယွင်းခြင်းဖြစ်သည်ဆိုသည်ကို ငယ်စဉ်ကတည်းက သိမြင်နားလည်ပြီး အဂတိလိုက်စားမှုပြုလုပ်ခြင်းသည် ရှက်ရွံ့စရာတစ်ခုဖြစ်ကြောင်း၊ အသိတရားပြည့်ဝလာရန်အတွက် သွန်သင်ဆုံးမမှု၊ အသိပညာပေးမှုများလိုအပ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကစပြီး လူငယ်လူရွယ်များကို အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းမှုအဖြစ် သိမြင်နားလည်ပြီး ထိန်းသိမ်းရှောင်ကြဉ်နေထိုင်ကြစေရန် အသိပညာပေးမှုများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများကို ပညာသင်ကြားစဉ်အချိန်တွင် ကိုယ်ကျင့်တရားကောင်းမွန် ပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာတတ်သည့် အလေ့အထကောင်းများဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ ကျောင်းသင်အတတ်ပညာများသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး အသိပညာမြင့်မားရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်မြင့်မားရေးတို့ကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်းစသည်ဖြင့် စည်းကမ်းရှိသည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များတွင် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ပညာပေးအစီအစဉ်များ၊ လူငယ်စကားဝိုင်းများကို ကော်မရှင်အနေဖြင့် အင်တိုက်အားတိုက် ကျင်းပပြုလုပ်နေသည်ကိုတွေ့ရပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း။

ကော်မရှင်အနေဖြင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ပညာပေးအစီအစဉ်များသာမက အစိုးရဌာနများတွင် အသေးစားအဂတိလိုက်စားမှုများ လျော့ပါးပျောက်ကွယ်စေရန်နှင့် ဌာနဆိုင်ရာဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ချက်များနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU)များ ဖွဲ့စည်းထားကြောင်း၊ ထို့ပြင် ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် အကြံဉာဏ်များရယူသည့် ပြည်သူ့ထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်(PFP) ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရကြောင်း။

ထိုသို့ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများသည် ဖြောင့်မတ်တည်ကြည်မှုနှင့် တရားမျှတမှုတို့ လွှမ်းခြုံနေသည့် အနာဂတ်ကို တည်ဆောက်ရာတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုသည့်အတွက် လူသားတိုင်းခံစားရရှိနိုင်မည့် အခွင့်အရေးများကို လက်လှမ်းမီစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းသည့် လူနေမှုဘဝကို ပိုင်ဆိုင်စေနိုင်မည်ဖြစ်ကြောင်း။

အောင်မြင်စွာ အကောင်အထည်ဖော်

ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင်ပါရှိသည့် ရည်မှန်းချက်ပန်းတိုင် (၁၇)ခုထဲက ပန်းတိုင်(၁၆)ကိုအခြေခံပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP မဟာဗျူဟာ ၁-၄ တွင် “ကောင်းမွန်သောအုပ်ချုပ်မှု၊ တာဝန်ယူမှု/ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုမြင့်တင်ရေး”ကို ရေးဆွဲထားကြောင်း၊ ထိုသို့ရေးဆွဲချမှတ်ထားသည့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို ပိုမိုခိုင်မာအားကောင်းစေပြီး အဂတိလိုက်စားမှုကင်းစင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တစ်ဦးတစ်ယောက်ကစပြီး ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန်နှင့် အဂတိလိုက်စားမှုကို လက်မခံသော ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးဖော်ဆောင်နိုင်စေရေး ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားတွင် အရေးပါသည့် နိုင်ငံ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများသာမက ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးက အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဂါရဝပြုပေးအပ်

ယင်းနောက် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်တံဆိပ်အား ဂါရဝပြုပေးအပ်သည်။

ဆက်လက်၍ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြိုင်ပွဲတွင် အသက်အုပ်စုအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

ပေးအပ်ချီးမြှင့်

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာပြိုင်ပွဲတွင် အသက်အုပ်စုအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို လည်းကောင်း၊ ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပန်းချီပြိုင်ပွဲတွင် အသက်အုပ်စုအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဗီဒီယိုပြိုင်ပွဲတွင် အသက်အုပ်စုအလိုက် ပထမဆုရရှိခဲ့သည့် ဗီဒီယိုများကိုပြသပြီး ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

လှည့်လည်ကြည့်ရှု

ထို့နောက် အမှုဆောင်ချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တစ်နှစ်တာဆောင်ရွက်မှု Video Clip ကို ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ ဖြောင့်မတ်တည်ကြည်မှု၊ စုံစမ်းစစ်ဆေးခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် စာအုပ်များကို လှည့်လည်ကြည့်ရှုကြသည်။

ဦးတည်ချက်ဖြင့် ကျင်းပခြင်းဖြစ်

ယခုနှစ် (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ကို “ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်၊ လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့” (Uniting with Youth against Corruption: Shaping Tomorrow’s Integrity) ဦးတည်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment