ဆင်းရဲမွဲတေခြင်းဆိုသည်မှာ စားရေး၊ နေရေးနှင့် ကျန်းမာရေးတို့အပါအဝင် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ငွေကြေးအရင်းအမြစ် မလုံလောက်သည့် အခြေအနေဖြစ်သည်။ အနည်းဆုံးသော လူနေမှုအဆင့်အတန်းကိုပင် ဖြည့်ဆည်းနိုင်စွမ်းမရှိခြင်း၊ တစ်နည်းအားဖြင့် မရှိမဖြစ်လိုအပ်သောပစ္စည်းများကို ဝယ်ယူနိုင်စွမ်းမရှိခြင်းတို့ကြောင့် လူမှုရေးအရ ဖယ်ကြဉ်ခံရခြင်းကို ဖြစ်ပေါ်နိုင်စေသကဲ့သို့ ကျန်းမာရေး၊ လူတန်းစေ့နေထိုင်နိုင်ရေးနှင့် အနာဂတ်အခွင့်အလမ်းတို့အပေါ်တွင် မကောင်းသည့်အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။
ဆင်းရဲမွဲတေမှုဟုဆိုရာတွင် နှစ်မျိုးခွဲခြားနိုင်ပြီး တစ်မျိုးမှာ အသက်ရှင်နေထိုင်ရန် အခြေခံလိုအပ်ချက်များဖြစ်သည့် သောက်သုံးရန် ရေ၊ အစားအစာ၊ နေစရာတို့ ဖြည့်ဆည်းရန် ငွေကြေး မလုံလောက်ခြင်းကို ရည်ညွှန်းပြီး ကမ္ဘာ့ဘဏ်သတ်မှတ်ချက်အရ တစ်နေ့ဝင်ငွေ ၂ ဒသမ ၁၅ ဒေါ်လာအောက်ကို နိုင်ငံတကာတွင် သတ်မှတ်ထားသည်။ ဆင်းရဲမွဲတေမှုနောက်တစ်မျိုးမှာ အိမ်ထောင်စုတစ်စု၏ ဝင်ငွေနှင့်အရင်းအမြစ်များကို ၎င်းတို့တည်ရှိရာ လူ့အဖွဲ့အစည်းရှိ လက်ရှိလူနေမှုအဆင့်အတန်းနှင့် နှိုင်းယှဉ်သတ်မှတ်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ပုံမှန်အဆင့်အတန်း၏အောက်သို့ နိမ့်ကျရောက်ရှိနေခြင်းဖြစ်သည်။
“မိမိတို့နိုင်ငံလူဦးရေ၏ ၄၆ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုစာရင်းတွင် ပါဝင်သည်ကို ကုလသမဂ္ဂ၏ အစီရင်ခံစာအရသိရှိရကြောင်း၊ အဓိကအားဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကိုတွက်ချက် ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးတိုးတက်ရေး၊ လယ်ယာထွက်ကုန်များ ပိုမိုတိုးတက်ထွက်ရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကောင်းမွန်လာပြီး လူနေမှုအဆင့်အတန်းများမြင့်မားကာ ဝယ်လိုအားနှင့် ရောင်းလို အားများကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် ကျေးလက်ဒေသစီးပွားရေးမြင့်မားလာစေရေးနှင့် လူနေမှုဘဝများမြင့်မားလာစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း” နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြခြင်းဖြစ်ရာ ကျေးလက်ဒေသစီးပွားရေးနှင့် လူနေမှုဘဝများကို မြှင့်တင်လာနိုင်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှု အခြေအနေမှာ များစွာလျော့ကျသွားမည်ဖြစ်သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် တပ်မတော်အစိုးရကာလနှင့် ဒီမိုကရေစီပထမအစိုးရသက်တမ်းတို့အတွင်း လုပ်ငန်းစဉ်များအသီးသီးချမှတ်၍ အလေးထားဆောင်ရွက်ခဲ့ရာတွင် ဆင်းရဲမှုနှုန်းသည် ၂၀၀၅ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမှုနှုန်း ၁၆ ရာခိုင်နှုန်းထိ လျော့ကျသွားစေရေး လုပ်ငန်းစဉ်(၈)ရပ်ကို ဦးစားပေးအကောင်အထည်ဖော်ခဲ့သည်။ စစ်တမ်းတစ်ရပ်အရ အဆိုပါကာလအတွင်း ကျေးလက်ဒေသလူနေမှုအဆင့်အတန်း သိသိသာသာဖွံ့ဖြိုးတိုးတက်လာသည်ဟုလည်း သိရသည်။
လက်ရှိ အခြေအနေတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့မှုများက နိုင်ငံ့စီးပွားရေးကို ကြီးမားစွာသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ဆင်းရဲမှုနှုန်းကို မြင့်တက်လာစေသည်။ ကျေးလက်ဒေသများတွင် ဖြစ်ပေါ်သည့် ဆင်းရဲနွမ်းပါးမှုများက မြို့ပြဒေသများကိုပါ ရိုက်ခတ်ကာ အခက်အခဲများဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ အခြေခံဒေသများဖြစ်သော ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ပြန်လည်လုပ်ကိုင်လာနိုင်စေရန် တည်ငြိမ်အေးချမ်းမှုလိုအပ်သည်။ ကျေးလက်စီးပွားမြင့်မားရေးအတွက် လယ်ယာထွက်ကုန်များ ပိုမိုတိုးတက်ထွက်ရှိအောင် အလုပ်လုပ်ကြရန်လည်းလိုသည်။ တောင်သူတို့က လယ်ယာအထွက်တိုးရေး လုပ်ကိုင်နိုင်ကြစေရန် လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်နှင့် လုပ်နိုင်ကိုင်နိုင်ရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးကြရမည်လည်း ဖြစ်သည်။
ကျေးလက်အခြေခံစီးပွားမြင့်မားပါမှ ဆင်းရဲမွဲတေမှုနှုန်းကျဆင်းပြီး လူနေမှုဘဝများ မြင့်မားလာမည်ဖြစ်ရာ စိုက်ပျိုးထွက်ကုန်များ ပိုမိုထွက်ရှိအောင် ခွန်အားစိုက်ထုတ်စွမ်းဆောင်ကြရပါမည့်အကြောင်း။ ။
No comments:
Post a Comment