နေပြည်တော် ဒီဇင်ဘာ ၉
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်၊ ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လွိုင်လင်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပင်လုံမြို့ကွက်သစ်မှ ဝမ်အင်ဘုန်းတော်ကြီးကျောင်းသို့ ဆက်သွယ်ထားသည့် ကျောက်ချောလမ်းပေါ်၌ ၂၈၆၈ ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျတူးဖော်ရန်မှာကြားပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပင်လုံမြို့ရှိ လွိုင်လင်-လဲချား လမ်းမကြီးမှ မေတ္တာအေးရိပ်ဘုန်းတော်ကြီးသင်ပရဟိတပညာရေးကျောင်းသို့ ဆက်သွယ်ထားရှိသည့် ကျောက်ချောလမ်းတစ်မိုင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ ပင်လုံမြို့ ကျက်သရေဆောင် မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် စေတီတော်ရင်ပြင်ပတ်လမ်း ကြွေပြားအသစ် လဲလှယ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လုံ)၌ သင်တန်းကျောင်း ကျောင်းအုပ်၊ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး သင်ကြားပေးနေသော စာပေအတတ်ပညာများကို အပတ်တကုတ်လေ့လာ သင်ယူသွားကြရန်၊ အတတ်ပညာများအပြင် ပြင်ပဗဟုသုတများကို လေ့လာဆည်းပူး၍ အသိပညာများ ဖွံ့ဖြိုးတိုးတက်အောင် အမှန်နှင့်အမှား ကွဲပြားစွာဝေဖန်ပိုင်းခြားနိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်၊ ဆရာ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များအပြင် အတွေးအခေါ်၊ အသိအမြင်နှင့် အယူအဆကောင်းများ၊ ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ၊ ခေါင်းဆောင်ကောင်းများဖြစ်အောင် ရည်မှန်းချက်များနှင့်အညီ လေ့ကျင့်သင်ကြား ပျိုးထောင်သွားကြရန် မှာကြားကာ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ ဟိုပုံးမြို့နယ် ဟွေ့ရေခေါက်-ဒုံလိတန် ကျေးရွာချင်းဆက် ကျောက်ချောလမ်း ၁၂ မိုင် ၂ ဖာလုံ အနက် ၄ ဖာလုံ ကတ္တရာခင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment