နေပြည်တော် ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် လူငယ်သင်တန်း ကျောင်းကျောင်းအုပ်ကြီးက ကလေးများ အတန်း ပညာသင်ကြားနေမှုနှင့် ကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
လိုအပ်ချက်များကို ဖြည့်ဆည်းပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူငယ်သင်တန်းကျောင်းရှိ ကလေးများ မူလတန်းပညာရေး သင်ကြားနေမှုကိုလည်းကောင်း၊ လူငယ်သင်တန်းကျောင်း ကျောင်းစာကြည့်တိုက်နှင့် ကျောင်းသားအိပ်ဆောင်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် သင်တန်းကျောင်းအတွင်း ကျောင်းသားများအတွက် တစ်ပိုင်တစ်နိုင် စိုက်ခင်းများ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် အီလက်ထရောနစ် သင်တန်းတက်ရောက်နေသော သင်တန်းသားများကို တွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းကျောင်းရှိ တံဆိပ်ရိုက်သင်တန်းခန်း၊ စက်ချုပ်သင်တန်းခန်း၊ ကွန်ပျူတာခန်းနှင့် ဆံသသင်တန်းခန်းများကို ကြည့်ရှုစစ်ဆေးသည်။
အကျိုးရှိအောင်သင်ကြား
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ကျောင်းအုပ်ကြီးက သင်တန်းကျောင်းတွင် မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိသည့်အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းမှ သင်ကြားပေးသော သင်တန်းများကို မသန်စွမ်းသူများအတွက် အကျိုးရှိအောင်သင်ကြားနိုင်ရေး၊ ရပ်ရွာအတွင်းတွင် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ သင်တန်းတက်ရောက်ပြီးသူများကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအပါအဝင် လုပ်ငန်းဆိုင်ရာလိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment