နေပြည်တော် ဒီဇင်ဘာ ၉
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ်အဆောက်အအုံ ၁ လုံး၊ ၃ ထပ်အဆောက်အအုံ ၁ လုံးနှင့် ၂ ထပ် အဆောက်အအုံ ၈ လုံး၊ စုစုပေါင်း တရားမဝင်အဆောက်အအုံ ၁၀ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံး အနက် ၃၅၁ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် KK park နှင့်ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် ယနေ့တွင်လည်း စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါနယ်မြေများ၌ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှ ဖမ်းဆီးထိန်းသိမ်းခဲ့သည့် နိုင်ငံပေါင်း ၆ နိုင်ငံမှ တရားမဝင်ပြည်ပနိုင်ငံသား ၁၂၃ ဦးတို့ကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် တရားမဝင်ပြည်ပနိုင်ငံသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်ခြင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဒီဇင်ဘာ ၈ ရက်မှစတင်၍ ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ ယနေ့အထိ ရှာဖွေစစ်ဆေးခဲ့သည့် အဆောက်အအုံ ၁၂၁ လုံးအနက် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၀ လုံးကို စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါအဆောက်အအုံများအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၇၀၈ လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။







No comments:
Post a Comment