ရန်ကုန်
နိုဝင်ဘာ ၃၀
၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ၏ အဘိဓဇ မဟာရဋ္ဌဂုရု ဂုဏဝိသိဋ္ဌပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက
ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုသော
ပင့်သံဃာတော် ၁၈ ပါးနှင့် တပည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်
၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်မိသားစုများ
တက်ရောက်ကြည်ညိုကြ သည်။
ဦးစွာ
နမောသတသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ
သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ
ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။
ထို့နောက်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ၏ ထေရုပ္ပတ္တိအကျဉ်းကို ကိုရီးယား သာသနာပြု
ဆရာတော် ဘဒ္ဒန္တဝိစိတ္တ(မနာပဒါယီ)ကလည်းကောင်း၊ ထုတ္တိဝဏ္ဏနာ ဂါထာကို မြိတ်မြို့
အောင်မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မဝံသ ကလည်းကောင်း ရွတ်ဆို ပူဇော်ကြသည်။
ယင်းနောက်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်
သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းတို့က
သာသနာရေးဆိုင်ရာများ လျှောက်ထားကြသည်။
ထို့နောက်
သဘင်အနုပညာရှင် မန္တလေးသိန်းဇော်နှင့်တေးသံရှင် ရွှန်းလဲ့အောင်တို့က အဘိဓဇ ဂုဏဝိသိဋ္ဌပူဇာ
၈၀ ပေါ်တေးထပ်နှင့် မင်္ဂလာရတုပိုဒ်စုံတို့ဖြင့် သီဆိုပူဇော်ခြင်းကို ဆောင်ရွက်ကြသည်။
ယင်းနောက်
အပူဇော်ခံဆရာတော်ဘုရားကြီးနှင့်တကွ ဆရာတော်သံဃာတော် အရှင်မြတ်တို့ထံ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်
အဂ္ဂါအဘိဓဇပါမောက္ခချုပ်ကျောင်းတော်တည်ဆောက်ရန်နှင့် ဆရာတော်ကြီး သာသနာပြုလုပ်ငန်းအသုံးပြုရန်
မော်တော်ယာဉ်တစ်စီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)အတွက် ဆွမ်းပဒေသာပင်အလှူငွေတို့ကို
အလှူရှင်များက ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ်
မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသထံမှ ဧည့်ပရိသတ်များက
အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ
အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍
ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments:
Post a Comment