Sunday, November 30, 2025

အင်းစိန်မြို့နယ်ခန်းမ၌ ၂၀၂၅ ခုနှစ် လူထုအတွင်း ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၅)မှ (၂၃/၂၀၂၅)ထိ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

 



ရန်ကုန် နိုဝင်ဘာ၃၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲ ၂၀၂၅ ခုနှစ် လူထုအတွင်း ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၅)မှ (၂၃/၂၀၂၅)ထိ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကြက်ခြေနီတပ်ဖွဲ့ဝင်များက “စေတနာလုပ်အားရှင်သီချင်းဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ စည်းကမ်းနှင့်အညီ တိုးတက်အောင်ကြိုးစားရန်၊ နည်းမှန်လမ်းမှန်လေ့လာရန်၊ စာနာစိတ်ဖြင့်ဆောင်ရွက်ရန်နှင့် စနစ်တကျအကောင်အထည်ဖော်ရန်၊ မိသားစု၊ ရပ်ကွက်နှင့် နိုင်ငံအတွက် အဖိုးတန်ရတနာဖြစ်ကြရန်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးအနေဖြင့်လည်း ဆက်လက်ပြီး နိုင်ငံ၏အားထားရာ လူရည်ချွန်လူရည်မွန်များကို ခေတ်နှင့်အညီပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာသင်ကြားပေးပြီး ထပ်မံမွေးထုတ်ပေးနိုင်ပါစေကြောင်းစသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းသည့် ကျောင်းသား၊ကျောင်းသူများအနက်မှ ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၆)ဦး အား ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

၎င်းနောက်  မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အရေးပေါ်လူနာတင်ယာဉ်နှစ်စီးအား အင်းစိန်မြို့နယ်နှင့် လှည်းကူးမြို့နယ် ကြက်ခြေနီအသင်းခွဲ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လွှဲပြောင်းပေးအပ်သည့် အရေးပေါ်လူနာတင်ယာဉ်နှစ်စီးအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရှေးဦးပြုစုခြင်းအခြေခံ သင်တန်းများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူ (၆၉)ဦးနှင့် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကာ သင်တန်းဆင်း ကျောင်းသား၊ကျောင်းများကို သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments:

Post a Comment