နေပြည်တော် အောက်တိုဘာ ၃၀
ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party - AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ
အောက်ပါအတိုင်း ဖြစ်ပါသည်-
မင်္ဂလာပါ။
ပြည်ထောင်စုဖွား၊
မိဘပြည်သူများ ခင်ဗျာ။
ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေရန် ဦးစွာ ဆုမွန်ကောင်းများ တောင်းအပ်ပါတယ်။ ကျွန်တော်က ရခိုင့်ဦးဆောင်ပါတီ
Arakan Front Party (AFP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့်
နိုင်ငံရေးပါတီကြီးတိုင်းဟာ မိမိတို့ပါတီရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ
မူဝါဒတွေ၊ ရည်မှန်းချက်တွေ၊ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ပေးနိုင်ရေးအတွက် နိုင်ငံတော်အား
စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ အစိုးရအာဏာရရှိရေး ဦးတည်ကြစမြဲဖြစ်ပါတယ်။
နည်းတူ တိုင်းဒေသကြီး/
ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီငယ်များသည် လည်း မိမိတို့ဒေသ၏ စီမံခန့်ခွဲပိုင်ခွင့်ရရှိရေး
တစ်နည်း ဒေသအစိုးရ ပြည်နယ်အစိုးရအား ဦးဆောင်ဖွဲ့စည်းနိုင်ရေးနှင့် ဒေသအစိုးရ၌လည်းကောင်း၊
ဒေသဆိုင်ရာလွှတ်တော်၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌစသည်ဖြင့် ရရှိနိုင်ရေး ဦးတည်ကြစမြဲ ဖြစ်ပါတယ်။
သို့သော်လည်း နိုင်ငံတော်၏ လက်ရှိကြုံတွေ့ရင်ဆိုင်နေရသည့်
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းနှင့် သဘာဝဘေးဒဏ်၊ လူလုပ်ဘေးဒဏ်တို့ကြောင့်
ကြုံတွေ့ရင်ဆိုင်နေရသည့် မြန်မာလူထု၏ လူမှုဒုက္ခပေါင်းစုံမှ ကျော်လွှားစေနိုင်မည့်
နိုင်ငံတော်တည်ဆောက်ရေး (Nation Building & State Building) ကဏ္ဍသည် အလွန်အရေးကြီးပြီး
အလွန်နက်ရှိုင်းကျယ်ဝန်း သည်ဟု ရခိုင့်ဦးဆောင်ပါတီမှ ခံယူပါသဖြင့် နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍ၏
အရေးအကြီးဆုံး အခြေခံလိုအပ်ချက်ဖြစ်သည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံတော်လုံခြုံရေး၊
တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့ငြိမ်းချမ်းရေး ကဏ္ဍ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့်
အမျိုးသားညီညွတ်ရေးကဏ္ဍတို့၌ ရခိုင့်ဦးဆောင်ပါတီသည် တစ်ထောင့်တစ်နေရာမှ ပါဝင်ဖြည့်ဆည်းကူညီပေးနိုင်ရေးသည်
လက်တွေ့ကျပြီး အရေးကြီးသည့် လိုအပ်ချက်ဖြစ်သည်ဟု လည်းကောင်း၊
ရခိုင်ပြည်နယ်
တည်ငြိမ်အေးချမ်းရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ် ရင်းပြန်နိုင်ရေး၊ ရခိုင်ဒေသ၏
ကျေးလက်နှင့် မြို့ပြပြန်လည်တည်ဆောက်ရေးနှင့် ရခိုင်လူထု၏ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေးတို့သည်
အလွန်အရေးကြီးပြီး လက်ငင်းလိုအပ်ချက်များဖြစ်သဖြင့် ရခိုင့်ဦးဆောင်ပါတီသည် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
ရခိုင်ဒေသပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေးကဏ္ဍတို့တွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးရမည်ဟု
လည်းကောင်း၊ ရခိုင့်ဦးဆောင်ပါတီ၏ လက်တွေ့ကျသည့် ရေတိုရေရှည်မူဝါဒနှင့် လုပ်ငန်းစဉ်များကို
ချမှတ်ဖြစ်ခဲ့ပါတယ်။
မိဘပြည်သူများ
ခင်ဗျာ -
ရခိုင့်ဦးဆောင်ပါတီရဲ့
နိုင်ငံရေးမူဝါဒနှင့် အခြေခံသဘောတရားများကို အကျဉ်းတင်ပြလိုပါတယ်။
“ရခိုင်တို့၌ အလေးအနက်ထားရမည့်
အကျပ်အတည်းကြီးရှိသည်။ ယင်းမှာ အနောက်ဘက် နယ်စပ်လုံခြုံရေး ဖြစ်သည်။ အလေးအနက်ထားရမည့်
ပင်မအကျပ်အတည်းကိစ္စရပ်ကြီး၊ နိုင်ငံ၏ အချုပ်အခြာအာဏာအား ထိပါးလာနိုင်သည့် အကျပ်အတည်းကိစ္စရပ်ကြီးဟု
ခံယူလျက်" –
ရခိုင်ဒေသ၏ တည်ရှိမှု
ပထဝီနိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အား အားသာချက်တို့အား အကြောင်းပြုလျက် ပြည်ပအင်အားကြီးတို့၏
အားပြိုင်လွှမ်းမိုးလိုမှုကြောင့် ရိုက်ခတ်လာနိုင်သည့် ဒေသတွင်း အလှုပ်အခတ်တို့ကို
ဦးဆောင်တုံ့ပြန်နိုင်ရန် ပညာရှင်ဆန်သော ရခိုင်လူထု၏ သစ္စာခံသော ဦးဆောင်နိုင်ငံရေးပါတီတစ်ရပ်သည်
ရခိုင်ဒေသ၌ တည်ရှိရန် လိုအပ်ချက်ကြောင့် သွေးစည်းညီညွတ် သန့်ရှင်းအားကောင်းသော နိုင်ငံရေးစနစ်တစ်ရပ်
ပေါ်ထွန်းရေး မျှော်မှန်းလျက် - တည်ထောင်ခဲ့သော ရခိုင့်ဦးဆောင်ပါတီသည်“အစွန်းမရောက်သည့်
အမျိုးသားရေးအခြေပြုမူဝါဒနှင့် အခြေခံသဘောတရား” ရှိသည့် ပါတီတစ်ခု ဖြစ်ပါတယ်။
မိဘပြည်သူများ
ခင်ဗျာ -
ရခိုင့်ဦးဆောင်ပါတီ
ဖွဲ့စည်းစဉ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ပါတီတည်ထောင်ဖွဲ့စည်းရခြင်း “ရည်ရွယ်ချက် (၇) ရပ်နှင့်
ရှေ့လုပ်ငန်းစဉ်” တို့အား ဆက်လက်တင်ပြလိုပါတယ်။
ဦးစွာ ပါတီတည်ထောင်ရခြင်းရဲ့
ရည်ရွယ်ချက် (၇) ရပ် အား တင်ပြလိုပါတယ်။
(က) ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်၏ ရပိုင်ခွင့်အပြည့်အဝရှိသော ရခိုင်ပြည်နယ်အဖြစ်၊ ပြည်ထောင်စုအတွင်း ဂုဏ်သိက္ခာရှိစွာ
ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊
(ခ) ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် အခြားသော တိုင်းရင်းသား ညီအစ်ကိုများနှင့်အတူ
ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားရန်၊
(ဂ) ရခိုင်တိုင်းရင်းသားများ၊
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ အခြားတိုင်းရင်းသားများ၏
အကျိုးစီးပွားကို ဖော်ဆောင်ရန်နှင့် အဆိုပါအကျိုးစီးပွားများ ရေရှည်တည်တံ့ရေးအတွက်
ကာကွယ်စောင့်ရှောက်ရန်၊
(ဃ) ဒီမိုကရေစီစနစ်
ပီပြင်စွာ ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊
(င) ရခိုင်အမျိုးသားများ
သွေးစည်းညီညွတ်ရေးနှင့် သန့်ရှင်းအားကောင်းသော နိုင်ငံရေးစနစ်တစ်ရပ် ပေါ်ထွန်းလာရေးတို့အတွက်
ကြိုးပမ်းဆောင်ရွက်သွားရန်၊
(စ) ရခိုင်လူမျိုးနှင့်
ရခိုင်ပြည်နယ်၏ တည်ရှိမှုကိုသာမက ပြည်ထောင်စု၏ အချုပ်အခြာအာဏာကိုပါ ထိပါးခြိမ်းခြောက်နေသည့်
ရခိုင်ဒေသအနောက်ဘက် နယ်စပ်လုံခြုံရေးအား အလေးထားကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊
(ဆ) ရခိုင်ပြည်နယ်
တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်တို့
ဖြစ်ပါတယ်။
မိဘပြည်သူများ
ခင်ဗျာ -
ရခိုင့်ဦးဆောင်ပါတီရဲ့
ရှေ့လုပ်ငန်းစဉ်များအနက် အရေးကြီးသည့် လုပ်ငန်း စဉ်များမှာ-
(က) ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ရခိုင်တိုင်းရင်းသားတို့၏ ရပိုင်ခွင့်အပြည့်အဝရရှိရေး
အခြားတိုင်းရင်းသားများနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်သွားရန်၊
(ခ) ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊
(ဂ) ဒီမိုကရေစီအရေး၊
လူ့အခွင့်အရေး တိုးတက်ကောင်းမွန်ရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်၊
(ဃ) ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ကြိုးပမ်းဆောင်ရွက်သွားရန်၊
(င) ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနှင့် မကိုက်ညီသော အချက်အလက်များကို ပြင်ဆင်ရေး
ကြိုးပမ်းဆောင်ရွက်သွားရန်၊
(စ) ရခိုင်ပြည်နယ်တွင်း
တိုင်းရင်းသားလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊
(ဆ) ရခိုင်ပြည်နယ်တွင်း
တိုင်းရင်းသားအလုပ်သမားတို့၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊
(ဇ) ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏
အကျိုးစီးပွားများကို ရခိုင်တိုင်းရင်းသားများအနေဖြင့် အမြင့်မားဆုံးအကျိုးခံစားခွင့်ရရှိနိုင်ရေး
ကြိုးပမ်းဆောင်ရွက်သွားရန်၊
(စျ) ရခိုင်လူမျိုးတို့၏
စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့နှင့် အခြားအမွေအနှစ်များအား ရှာဖွေထိန်းသိမ်းဖော်ထုတ်မြှင့်တင်သွားရန်၊
ရခိုင်လူမျိုးတို့၏ အဓိကသမိုင်းအမွေအနှစ် ယဉ်ကျေးမှုနယ်မြေတို့အား ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်နိုင်ရေး ဆောင်ရွက်ရန်၊
(ည) ပညာရေး၊ ကျန်းမာရေး၊
လူမှုရေး၊ စီးပွားရေးအခွင့်အလမ်းများ တိုးတက် မြင့်မားကောင်းမွန်ရေးအတွက် ဆောင်ရွက်သွားရန်၊
(ဋ) ရခိုင်ပြည်နယ်၏
အနောက်ဘက်နယ်စပ်ဒေသလုံခြုံရေးအား အလေးထားဆောင်ရွက်ရန်၊
(ဌ) ရခိုင်တိုင်းရင်းသားများအပါအဝင်
မြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး ပြည်ပနိုင်ငံများ၌ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရေးနှင့်
မိမိနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရောက်ရှိနိုင်ရေးတို့ကို ဆောင်ရွက်သွားရန်၊
(ဍ) နေရပ်စွန့်ခွာ
ရခိုင်သူ ရခိုင်သားများ ပြန်လည်အခြေစိုက်နိုင်ရန်အလို့ငှာ၊ ၎င်းတို့အတွက် ရခိုင်ပြည်နယ်အတွင်း
အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊
(ဎ) ကမ္ဘာကြီး
ပူနွေးလာမှုလျှော့ချနိုင်ရေး အားထုတ်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝန်းနှင့်
လက်တွဲကာ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မှုများတွင် ကူညီပံ့ပိုးသွားရန်၊
(ဏ) ရခိုင်ပြည်နယ်အတွင်း
ရင်ဆိုင်ရသည့် သဘာဝဘေးအန္တရာယ်များနှင့် လူသားအရင်းခံဘေးအန္တရာယ်များကြောင့် နောက်ဆက်တွဲလုပ်ဆောင်ရသည့်
ဘေးဒုက္ခကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါတီအနေဖြင့် ဖြစ်နိုင်သမျှသော စွမ်းပကားများဖြင့်
ပါဝင်ဆောင်ရွက်ရန်၊
(တ) ရခိုင်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်များ ပေါ်ထွန်းရေးအပြင် ဒေသတွင်း ကုန်သွယ်ရေး၊
နယ်စပ်ကုန်သွယ်ရေးတို့ တိုးမြှင့်လုပ်ဆောင်နိုင်ရေး အား ကြိုးပမ်းဆောင်ရွက်သွားရန်၊
(ထ) ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား
ဦးဆောင်ဖွဲ့စည်းတာဝန်ယူရမည့်အခြေအနေ ပေါ်ပေါက်လာပါက တာဝန်ယူနိုင်သည့် စွမ်းပကားရှိနေအောင်
မူဝါဒရေးရာပိုင်းနှင့် ပါတီ၏ လူ့စွမ်းအား အရည်အသွေးပိုင်းကို စဉ်ဆက်မပြတ် တည်ဆောက်ကာ
အဆင်သင့် ပြင်ဆင်ထားရန်၊
(ဒ) ရခိုင်ပြည်နယ်အတွင်းရှိ
ရခိုင်တိုင်းရင်းသားလူငယ်များနှင့် ရခိုင်မျိုးနွယ်စု လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ
ဖွံ့ဖြိုးတိုးတက်ရေးအား ကြိုးပမ်း ဆောင်ရွက်သွားရန်၊
(ဓ) မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်သွားရန်တို့ ဖြစ်ပါတယ်။
မိဘပြည်သူများ
ခင်ဗျာ -
ရခိုင့်ဦးဆောင်ပါတီ၏ “လက်ရှိ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းကာလ၌
အထူးအလေးထားပြီး ရေတို၊ ရေရှည် အဓိကဦးစားပေး ကြိုးပမ်းဆောင်ရွက်သွားမည့်” ရခိုင့်ဦးဆောင်ပါတီ၏ရှေ့လုပ်ငန်းစဉ်များကတော့-
(၁) ပြည်ထောင်စုငြိမ်းချမ်းရေးရရှိသည်အထိ
သက်ဆိုင်သူများနှင့် ဘက်ပေါင်းစုံမှ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ရန်၊
(၂) ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊
(၃) ရခိုင်ဒေသငြိမ်းချမ်းရေး၊
တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရန်၊
(၄) ပြည်သူများ၏
စိတ်အေးချမ်းသာမှုနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများကို တတ်စွမ်းသရွေ့ဆောင်ရွက်ရန်၊
(၅) ရခိုင်စစ်ဘေးရှောင်များ
နေရပ်ရင်းပြန်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊
(၆) သယ်ယူပို့ဆောင်ရေးစရိတ်
မြင့်မားမှုများကြောင့် အခြေခံစားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများ စရိတ်ကြီးမားသည့်
ရခိုင်ပြည်သူများ၏ အခက်အခဲကို ကြိုးစားဖြေရှင်းရန်၊
(၇) ရခိုင်ဒေသနေ
လူမျိုးနွယ်စုအချင်းချင်း အေးချမ်းတည်ငြိမ်လုံခြုံစွာ၊ သဟဇာတရှိစွာ၊ အတူယှဉ်တွဲနေထိုင်နိုင်ရေးနှင့်
တရားဥပဒေစိုးမိုးရေး ကြိုးပမ်းဆောင်ရွက်ရန်၊
(၈) နိုင်ငံတော်တည်ဆောက်ရေးနှင့်
ပြန်လည်ထူထောင်ရေးကဏ္ဍ၌ ပါဝင်ကြိုးပမ်းဆောင်ရွက်ရန်၊
(၉) ရခိုင်ဒေသ
ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ၌ ပါဝင်ကြိုးပမ်းဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။
မိဘပြည်သူများ
ခင်ဗျာ -
အထက်တင်ပြပါ ရခိုင့်ဦးဆောင်ပါတီ၏
မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် လက်ရှိကာလတွင် အထူးအလေးထားဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များပါ
မျှော်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရခိုင့်ဦးဆောင်ပါတီ၏
ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် လွှတ်တော်အသီးသီးသို့ ရွေးချယ်စေလွှတ်ခံရရန်
လိုအပ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ
ရွေးကောက်ပွဲဟာ အခြေခံအကျဆုံးသော လူထုရဲ့ ထောက်ခံမှု၊ ယုံကြည်လက်ခံမှုနှင့် မိမိတို့အား
ကိုယ်စားပြုမည့် ပုဂ္ဂိုလ်နှင့် ပါတီအား ရွေးချယ်ပေးတဲ့ စာမေးပွဲကြီးတစ်ရပ် ဖြစ်ပါတယ်။
တစ်နည်း ဥပဒေပြုလွှတ်တော်တစ်ရပ်ရပ်ရဲ့ ဝင်ပေါက်တံခါးဝလည်း ဖြစ်ပါတယ်။
ပါတီတစ်ခုသည်လည်းကောင်း၊ ပါတီကိုယ်စားပြု အရွေးချယ်ခံမည့်
ကိုယ်စားလှယ်လောင်းများသည်လည်းကောင်း၊ လူထု၏ ယုံကြည်မှု၊ အားကိုးမှု၊ ယုံကြည်အားကိုးထိုက်သည့်
လုံလောက်သော ပညာအရည်အချင်း၊ ဉာဏ်ရည်၊ သတ္တိ ဗျတ္တိနှင့် ရဲရင့်မှု စသည့် နှလုံးရည်
လက်ရုံးရည် ရှိရန်လိုအပ်သလို နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်၊ ဒေသနှင့် ပြည်နယ်အပေါ်၊
လူမျိုးနှင့် လူထုအပေါ်၊ သစ္စာရှိပြီး ရိုးသားကြရန် ကိုယ်ကျင့်သိက္ခာပြည့်ဝကြရန်၊ ပြည်သူ
ကို အစွမ်းကုန် အလုပ်အကျွေးပြုကြရန်နှင့် အလုပ်ကြိုးစားကြရန် လိုအပ်ပါတယ်။
သို့မှသာ “ပါတီနှင့်
လူထု” သည်လည်းကောင်း၊ “ပါတီနှင့် ကိုယ်စားလှယ်များ” သည်လည်းကောင်း၊ “ပါတီ၊ ကိုယ်စားလှယ်နှင့်
လူထု”တို့သည်လည်းကောင်း တစ်သားတည်းဖြစ်သွားမှာ ဖြစ်သလို နိုင်ငံတော်အပေါ်၊ ဒေသနှင့်
ပြည်နယ်အပေါ်၊ အပြန်အလှန်အကျိုးပြုရင်း တည်ငြိမ်အေးချမ်း ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်ကို
တည်ဆောက်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဖွား
မိဘပြည်သူများ ခင်ဗျာ -
ရခိုင်အမျိုးသားများနှင့်
ရခိုင်မျိုးနွယ်စုဝင် မိဘပြည်သူများ ခင်ဗျာ -
ရခိုင့်ဦးဆောင်ပါတီ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို
ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ တင်ပြခဲ့ပြီးပါပြီ။ ရခိုင့်ဦးဆောင်ပါတီအပေါ် လေ့လာသုံးသပ်ပေးကြပါ။
ရခိုင့်ဦးဆောင်ပါတီကို ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်း၊
ဉာဏ်ရည်စွမ်းဆောင်ချက်များနှင့် ရိုးသားမှု၊ ကြိုးစားမှု၊ ကိုယ်ကျင့်သိက္ခာ၊ ရခိုင်ပြည်နယ်
ရခိုင်လူမျိုးနှင့် ပြည်ထောင်စုအကျိုး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်
နိုင်ငံတော်သစ်ဆီသို့ ဦးတည်သည့် ရည်မှန်းချက်များအပေါ် သဘောပေါက်စွာ ဖြင့် ရခိုင့်ဦးဆောင်ပါတီမှ
ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာ လွှတ်တော် အသီးသီးသို့ ရောက်ရှိရေး ရွေးချယ်ပေးကြဖို့
ဆန္ဒမဲပေးကြဖို့ လေးနက်စွာ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
ပြည်ထောင်စုဖွား
မိဘပြည်သူများ၊
ငြိမ်းချမ်းမှု၊
တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရသကို အမြန်ဆုံးခံစား နိုင်ကြပါစေ။
ရခိုင်ပြည်နယ်အမြန်ဆုံး ငြိမ်းချမ်းတည်ငြိမ်ပါစေ။
စစ်ဘေးရှောင်များ
အမြန်ဆုံး နေရပ်ရင်းပြန်နိုင်ကြပါစေ။
ရခိုင့်ဦးဆောင်ပါတီ
(ဗဟိုအလုပ်အမှုဆောင်အဖွဲ့)
ပါတီ၏ သီချင်းစာသား
ရခိုင့်ဦးဆောင်ပါတီ
(AFP)
# ရခိုင်ပြည်သူတွေ
ဒုက္ခပင်လယ်ထဲ မုန်တိုင်းတွေက ဖြတ်သန်းနေတဲ့အချိန် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်နဲ့ ပေးဆပ်ရန်အတွက်
သန္နိဋ္ဌာန်ချထားပါတဲ့ ရခိုင့်ဦးဆောင်ပါတီ။
# ရခိုင့်ဦးဆောင်ပါတီ
- AFP - Arakan Front Party
# ရခိုင်ပြည်သူအားလုံးအတွက်
AFP – Arakan Front Party
# ပြည်သူ့ရှေ့က
မားမားမတ်မတ် ရပ်တည်မည်။
ပြည်သူတို့အတွက်
သတ္တိရှိရှိ ထုတ်ဖော်မည်။
# ရခိုင့်ဦးဆောင်ပါတီကို
မဲပေးကြမယ်။
ရခိုင်ပြည်အနာဂတ်အတွက်လေ။
# ရခိုင့်ဦးဆောင်ပါတီနှင့်အတူ
ချီတက်ကြမယ်။
ရခိုင်ပြည်အေးချမ်းဖွံ့ဖြိုးဖို့အတွက်လေ။
# ရခိုင့်ဦးဆောင်ပါတီ
- AFP – Arakan Front Party
# ရခိုင်ပြည်သူအားလုံးအတွက်
AFP – Arakan Front Party

No comments:
Post a Comment