နေပြည်တော် အောက်တိုဘာ ၃၀
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်
အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ချစ်ခင်လေးစားအပ်ပါသော
မဲဆန္ဒရှင်ပြည်သူအပေါင်းတို့ခင်ဗျား -
မဲဆန္ဒရှင်ပြည်သူအပေါင်း
ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ဥက္ကဋ္ဌ ဦးဟန်ရွှေ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ပါတီရဲ့
မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့ကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့မှ ဟောပြောဆွေးနွေး
ထုတ်လွှင့်ခွင့်ရတဲ့အတွက် နိုင်ငံတော်မှ တာဝန်ရှိသူများနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့
ပြည်သူရဲ့ကံကြမ္မာကို ဖော်ဆောင်ပေးနိုင်မယ့် မဲဆန္ဒရှင်များကို တိုက်ရိုက်ဟောပြောဆွေးနွေးခွင့်ရတဲ့အတွက်
အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားလိုပါတယ်။
လေးစားအပ်တဲ့
မဲဆန္ဒရှင်ပြည်သူများခင်ဗျား
ရှေးဦးစွာ ကျွန်တော်တို့ပါတီရဲ့အကြောင်းကို
အနည်းငယ်ရှင်းလင်းတင်ပြလိုပါတယ်။ ပါတီတစ်ရပ်ဖွဲ့စည်းတည်ထောင်မယ်ဆိုရင် အခြေခံကျတဲ့
တိကျခိုင်မာတဲ့ နိုင်ငံရေးမူဝါဒ၊ နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးကျင့်စဉ်နဲ့ ဖွဲ့စည်းတည်ဆောက်မှုအဆင့်ဆင့်ရှိရန်
လိုအပ်ပါတယ်။ ဒီအချက်များနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပါတီကို လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင်
ကျွန်တော်တို့ရဲ့ အခြေခံအကျဆုံးမူဝါဒဟာ “လူအများကောင်းစားရေးဝါဒ” ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ
တည်ထောင်ပြီး လူတစ်စု၊ လူတစ်ဖွဲ့၊ လူနည်းစုကောင်းစားရေးအတွက်မဟုတ် ဘဲ လူအများစုဖြစ်တဲ့
တောင်သူလယ်သမား၊ အလုပ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်တဲ့
လူသားအားလုံး ကောင်းစားရေးဝါဒ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီက “ပြည်သူသာအမိ၊ ပြည်သူသာအဖ”လို့
သတ်မှတ်ပြီး ပြည်သူကိုအဓိကထား၊ ပြည်သူကို ဗဟိုပြု၊ ပြည်သူကို လေးလေးနက်နက် မဏ္ဍိုင်ပြုထားတဲ့
ပါတီတစ်ရပ်ဖြစ်ပါတယ်။ ပါတီရဲ့ အတွေးအခေါ် အယူအဆတွေ၊ ပါတီရဲ့ လက်တွေ့ဆောင်ရွက်ချက်တွေဟာ
ပြည်သူ့အကျိုးစီးပွားကို မထိခိုက်စေရ၊ ပြည်သူရဲ့ကောင်းကျိုးသာဖြစ်ရမယ်လို့ ခံယူပြီး
ဆောင်ရွက်လျက်ရှိပါတယ်။
ပါတီရဲ့လမ်းစဉ်ကိုကြည့်မယ်ဆိုရင်
“ပြည်သူ့အကျိုးပြု မြန်မာ့လမ်းစဉ်” လို့ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံနဲ့ပြည်သူအတွက်
ချမှတ်တဲ့လမ်းစဉ်တွေကိုလည်း ပြည်သူ့အကျိုးစီးပွားနဲ့ မကင်းကွာဘဲ ချမှတ်ကြရမယ်လို့ တိတိကျကျညွှန်ပြထားပါတယ်။
ဒီမူဝါဒ၊ လမ်းစဉ်တွေကို
လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ မဇ္ဈိမပဋိပဒါ ကျင့်စဉ်နဲ့အညီ အမှားတွေကို မြင်အောင်ကြည့်၊
တွေ့အောင်ရှာပြီး လွတ်အောင်ရုန်းကြရမယ်ဆိုတဲ့ ဝါဒ၊ လမ်းစဉ် ကျင့်စဉ်တွေနဲ့အညီ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီဟာ
ပါတီစုံဒီမိုကရေစီစနစ်မှာ ဂုဏ်သိက္ခာရှိပြီး သက်တမ်းအရှည်ဆုံး ပါတီတစ်ရပ်ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့မှာ (၃၇) နှစ်ပြည့်မြောက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒီလိုရပ်တည်နေနိုင်တာဟာ ပါတီဝင်တွေရဲ့ ပါတီအပေါ် လေးစားယုံကြည်မှု၊ ချစ်ခင်မြတ်နိုးမှုနဲ့
ဇွဲ၊ လုံ့လ၊ ဝီရိယတို့ရှိပြီး စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ကြလို့သာဖြစ်ပါတယ်။
သက်တမ်းရှည်ကြာသည်နှင့်အမျှ အတွေ့အကြုံတွေအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် သည်းခံနိုင်မှု၊
စိတ်ရှည်မှု၊ ခွင့်လွှတ်နိုင်မှုစတဲ့ အလေ့ အကျင့်များရရှိကာ တည်ငြိမ်ရင့်ကျက်စွာနဲ့
ဆောင်ရွက်နိုင်တဲ့ ရလဒ်ကောင်း တွေကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ အဲဒီလိုတည်ငြိမ်ရင့်ကျက်မှုတွေကြောင့်
ပါတီအပေါ် ဝေဖန်မှု၊ အပြစ်ရှာပြောဆိုမှုတွေကို စိတ်ရှည်ရှည်နဲ့ ပြန်လည်ရှင်းလင်းဆွေးနွေးနိုင်ခဲ့ပြီး
ပြဿနာများပြေလည်ကာ၊ ရန်သူမရှိဘဲ မိတ်ဆွေတွေ တိုးပွားအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ပါတီစုံဒီမိုကရေစီစနစ်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တရားဝင်ရပ်တည်လျက်ရှိတဲ့
ပါတီတွေနဲ့ဆက်ဆံရာမှာ ပါတီကြီး၊ ပါတီငယ်ဆိုတဲ့သဘောထားမျိုးလုံးဝမရှိဘဲ တန်းတူရည်တူ
သဘောထားပြီး လေးလေးစားစားနဲ့ အတူတကွ လက်တွဲဆောင်ရွက်လျက်ရှိနေ ပါတယ်။
လေးစားအပ်တဲ့
မဲဆန္ဒရှင်ပြည်သူများခင်ဗျား
ကျွန်တော်တို့ပါတီဟာ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဆိုတဲ့ ပါတီအမည်နဲ့အညီ ပါတီမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ
ပါဝင်လျက်ရှိနေပါတယ်။ တိုင်းဒေသကြီးများနဲ့ ပြည်နယ်တွေမှာ ပါတီကော်မတီတွေကို ဖွဲ့စည်းထားပြီး
တိုင်းရင်းသားလူမျိုးများကိုယ်တိုင် ပါဝင်လှုပ်ရှားလျက်ရှိနေကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
ထုတ်ပြန်တဲ့ နည်းဥပဒေညွှန်ကြားချက်များနဲ့အညီ ပါတီအင်အား (၁၅၁၉၀၀) ဦးကို ပုံစံ(ဇ)ဖြင့်
သတ်မှတ်ကာလအတွင်း တင်ပြနိုင်ခဲ့လို့ ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ပါတီဝင် (၁၀၃၇၄၅)
ဦးကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ခရိုင်ကော်မတီများနဲ့ မြို့နယ်ပေါင်း (၂၈၅) မြို့နယ်တွေမှာလည်း
မြို့နယ်ကော်မတီတွေ ဖွဲ့စည်းပြီး စည်းရုံးဆောင်ရွက်လျက်ရှိနေပါတယ်။
မိမိပါတီရဲ့နှစ်ပတ်လည်နေ့အပါအဝင်
နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အလုပ်သမားနေ့၊
တောင်သူလယ်သမားနေ့၊ အမျိုးသမီးများနေ့၊ နိုင်ငံတကာလူငယ်များနေ့များကိုလည်း ပါတီဗဟိုကော်မတီဌာနချုပ်၊
တိုင်းဒေသကြီး၊ ပြည်နယ်များနဲ့ မြို့နယ်တွေမှာ အခမ်းအနားတွေကို ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီလိုကျင်းပပြုလုပ်ခြင်းဖြင့် အမျိုး၊ ဘာသာ၊ သာသနာနဲ့ တိုင်းပြည်ချစ်စိတ်၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်များ
ခိုင်မာစေရန် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။
လေးစားအပ်တဲ့
မဲဆန္ဒရှင်ပြည်သူများခင်ဗျား
ကျွန်တော့်အနေနဲ့
ဆက်ပြီးတင်ပြလိုတာကတော့ “နိုင်ငံတစ်ဝန်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေး” ပဲ
ဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေးကိုတည်ဆောက်ရာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို
အခြေပြုပြီး တည်ဆောက်သွား ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဟာ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ညီရင်းအစ်ကို တိုင်းရင်းသားများအားလုံးလက်ခံပြီး
လက်တွေ့ကျကျ ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ပါတီက
ဒီမိုကရေစီကို အပြည့်အဝလက်ခံထားသလို ဖက်ဒရယ်စနစ်ကိုလည်း လေးလေးနက်နက် ယုံကြည်မှုရှိတဲ့ပါတီဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီအချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပါတီက တိုင်းရင်းသားလူမျိုးများအပေါ်မှာထားရှိတဲ့
သဘောထား (၃) ရပ်ကို အခိုင်အမာ ပြဋ္ဌာန်းခဲ့ပါ တယ်။ အဲဒီသဘောထားတွေကတော့ -
(၁) တိုင်းရင်းသားလူမျိုးများအတွင်း
အခွင့်ထူးခံမှုမရှိစေရဘဲ တန်းတူရည်တူ ရှိစေရေး၊
(၂) တိုင်းရင်းသားမျိုးနွယ်စုတစ်ခုချင်းစီရဲ့
မိမိတို့ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စသည်များနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရေး၊
(၃) တိုင်းရင်းသားမျိုးနွယ်စုများအားလုံးအနေနဲ့
ဖွံ့ဖြိုးတိုးတက်ရာမှာ ညီညာသော ဖွံ့ဖြိုးတိုးတက်မှုရရှိစေရမယ်လို့ အခိုင်အမာပြဋ္ဌာန်းထားပြီး လက်တွေ့ဘဝမှာ မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လေးစားအပ်တဲ့
မဲဆန္ဒရှင်ပြည်သူများခင်ဗျား
ကျွန်တော်တို့ပါတီရဲ့
ခံယူချက်ကတော့ ငြိမ်းချမ်းရေးကို လက်နက်နဲ့ ဖြေရှင်းလို့မရနိုင်ဘဲ တစ်ဖက်နဲ့တစ်ဖက်
ယုံကြည်မှုရအောင် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အပြန်အလှန် အပေးအယူတွေလုပ်ကာ အဖြေရှာကြမယ်ဆိုရင်
ရလဒ်ကောင်းတွေရနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။
ကျွန်တော်တို့ပါတီဟာ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်လို့ “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်”
(NCA) ဖြစ်ထွန်းရေးမှစတင်ပြီး တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ (NCA)ဖော်ဆောင်
နိုင်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးမူဘောင် (Political Frame Work) ရေးဆွဲတဲ့ လုပ်ငန်းများမှာလည်း
အစကတည်းက ပါဝင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးညီလာခံအဆင့်ဆင့်ကိုလည်း တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ “နိုင်ငံတစ်ဝန်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်း
ရေး”ကို ရရှိနိုင်ဖို့ စွမ်းစွမ်းတမံ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါ့မယ်လို့ ပြည်သူတွေကို
လေးလေးနက်နက် ကတိပေးတင်ပြအပ်ပါတယ်။
လေးစားအပ်တဲ့
မဲဆန္ဒရှင်ပြည်သူများခင်ဗျား
“အမျိုးသားကာကွယ်ရေးနဲ့
လုံခြုံရေးကောင်စီ” နဲ့ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်”တို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ ကျင်းပပြုလုပ်မယ်လို့
ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် အမှန်တကယ်လိုအပ်တဲ့
ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးအရ ယုံကြည်လက်ခံထားပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့
အတိုင်းအတာတစ်ခုအထိ တိုးတက်မှု ရရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။ ပြည်သူတွေကို တင်ပြလိုတာက
ဒီမိုကရေစီတကယ်လိုချင်ရင် ရွေးကောက်ပွဲနဲ့ ဖြတ်သန်းရပါလိမ့်မယ်။
ဒီမိုကရေစီနဲ့
ရွေးကောက်ပွဲဟာ ခေါင်းနဲ့ပန်းလိုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အေးချမ်းတည်ငြိမ်ဖို့ ဒီမိုကရေစီရဖို့ဆိုရင်
ရွေးကောက်ပွဲနဲ့ ဖော်ဆောင်သွားရမှာဖြစ်တဲ့အတွက် မဲဆန္ဒရှင်ပြည်သူ အားလုံးက ရွေးကောက်ပွဲကို
တရားမျှတစွာ အေးအေးချမ်းချမ်း ကျော်ဖြတ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လေးလေးနက်နက်
တိုက်တွန်းတင်ပြလိုပါတယ်။
ကျွန်တော်တို့ပါတီအနေနဲ့လည်း
ရွေးကောက်ပွဲအောင်မြင်ရေးသည် ပါတီရဲ့ အဓိကတာဝန်တစ်ရပ်လို့ သတ်မှတ်ထားပါတယ်။ ရွေးကောက်ပွဲမှာ
လွှတ်တော်အဆင့်ဆင့်မှာ ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်ပေါင်း (၇၀၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့
ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်ရာမှာ
ဒုတိယအင်အားအများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းများ
တင်သွင်း ရာမှာ အမျိုးသား၊ အမျိုးသမီး အချိုးအစား၊ လူငယ်၊ လူလတ်၊ လူကြီးမျှတစွာ ပါဝင်မှုနဲ့
တိုင်းရင်းသားမျိုးနွယ်စုများစုံလင်စွာ ပါဝင်နိုင်မှုကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများခင်ဗျား
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့
ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်တဲ့အခါမှာ ပြည်သူတွေကို ထုတ်ဖော်တင်ပြရတဲ့ ပါတီရဲ့
ရွေးကောက်ပွဲ ကြေညာစာတမ်းကို လေးလေးစားစားထုတ်ပြန်တင်ပြထားပြီး ဖြစ်ပါတယ်။ အဲဒီအထဲမှာ
မိမိတို့ကို တာဝန်ပေးအပ်လာရင် တိုင်းပြည်အတွက် ဘယ်လိုစီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်၊
လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူထုလူတန်းစားများအရေးစတဲ့ ကဏ္ဍပေါင်းစုံကို တလေးတစားတင်ပြထားပြီး
ဖြစ်ပါတယ်။ ရွေးကောက်ပွဲရဲ့အနိုင်အရှုံးကို ပြည်သူတွေက ဆုံးဖြတ်ပေးရတာဖြစ်တဲ့အတွက်
ပြည်သူတွေရဲ့အဆုံးအဖြတ်ကို ဝမ်းပန်းတသာ ကြိုဆိုလက်ခံ သွားမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ မိမိတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ်ကြတဲ့အခါမှာ စပါးနှံနဲ့ ပင်နယံအမှတ်တံဆိပ်ပါတဲ့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ထောက်ခံဆန္ဒမဲပေးသွားကြပါလို့ လေးစားစွာတင်ပြရင်း
နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား -
“ပြည်သူအားလုံး
ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနဲ့ ပြည့်စုံပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ”
ပါတီ၏သီချင်းစာသား
ဒို့ ပါတီ
တိုင်းရင်းသားအားလုံး
……….. ညီညွတ်မည်။
ညီရင်းအကိုပမာ
ဒို့ချစ်သည်၊ ထာဝစဉ်မခွဲလက်တွဲမည် ဒါမှဒို့ပါတီ၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
………….. အောင်ရမည်။
မြန်မာပြည်
... ဒို့တိုင်းပြည် …. မြန်မာတို့ရဲ့ ဇာတိသွေးက ဇွဲမာန်အပြည့်ရှိသည်၊ တိုင်းရင်းသားတို့
ထာဝရ စည်းလုံးညီညွတ်မည်၊
အမျိုးသားရေးကို
ဦးတည်…………. နိုင်ငံတော်ကို ချစ်မြတ်နိုးသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
………….. အောင်ရမည်။
မဲရုံသို့
……….မဲရုံသို့ သွားကြပါစို့၊
မဲရုံသို့………..မဲရုံသို့
သွားကြပါစို့၊
တိုင်းရင်းသားစည်းလုံး
ညီညွတ်ရေး ရရှိဖို့၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို
….... မဲပေးကြပါစို့၊
မဲရုံသို့
………..မဲရုံသို့ သွားကြပါစို့၊
မဲရုံသို့
........ မဲရုံသို့ သွားကြပါစို့၊
အခြေခံလူတန်းစားများရဲ့
စီးပွားရေးဘဝ မြှင့်တင်နိုင်ဖို့ …၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို
……. မဲပေးကြပါစို့၊
မဲရုံသို့ …….မဲရုံသို့
သွားကြပါစို့၊
မဲရုံသို့
……….မဲရုံသို့ သွားကြပါစို့၊
ပြည်သူများအတွက်
မျှော်လင့်ချက်အသစ် ဖော်ဆောင်ဖို့၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို
….. မဲပေးကြပါစို့၊
တိုင်းရင်းသားအားလုံး
………….ညီညွတ်မည်။
ညီရင်းအကိုပမာ
ဒို့ချစ်သည်၊ ထာဝစဉ်မခွဲလက်တွဲမည် ဒါမှဒို့ပါတီ၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ…………
အောင်ရမည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ……………အောင်ရမည်။
အောင်ရမည်။

No comments:
Post a Comment