Friday, September 12, 2025

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်း၊ အလေးမနှင့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့များ လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် စက်တင်ဘာ ၁၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ပီတန်းအားကစား လေ့ကျင့်ရေးကွင်းတွင် ပီတန်းအားကစားသမားများ၏ တစ်ဦးချင်း (Single Shooting) နှင့် အမျိုးသား အမျိုးသမီးနှစ်ယောက်တွဲ အတွဲလိုက် (Mixed Doubles)နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦး အတွဲလိုက်(Mixed Triples) အားကစားနည်းများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ထို့နောက် ဝိတ်တန်းများအလိုက် အတန်းပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အလေးမလေ့ကျင့် ရေးအားကစားရုံ၌ အလေးမအားကစားသမားများ၏ အမြန်မနှင့် နှစ်ဆင့်မနည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်နေမှု၊ ပိုက်ကျော်ခြင်းလေ့ကျင့်ရေးရုံ၌ ပိုက်ကျော်ခြင်းအားကစားသမားများ၏ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ လေ့ကျင့်နေမှုနှင့် ကွင်းသွင်းခြင်းခတ်အားကစားသမားများ၏ လေ့ကျင့်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး မိမိတို့ရရှိထားသည့် စံချိန်၊ စံညွှန်းများ ပိုမိုကောင်းမွန်အောင် နည်းပြဆရာများ၏ သင်ကြားလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျလေ့ကျင့်သွားရန်၊ အုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် လေ့ကျင့်မှုများ ပြုလုပ်ရာတွင် တွေ့ရှိရသည့် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်၍ ပြုပြင်သင်ကြား လေ့ကျင့်ပေးသွားရန် မှာကြားပြီး အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရွှေကြာပင်အားကစား ကွင်းနှင့် ဘောလုံးကွင်း ပြန်လည်ပြုပြင်နေမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ရွှေကြာပင်အားကစားကွင်း ဘောလုံးကွင်းပတ်လမ်း Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးစေရေး ဆောင်ရွက်သွား ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment