နေပြည်တော် စက်တင်ဘာ ၁၁
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်း မိသားစုဝင် သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် အဆင့်မြင့် ပညာကို လေ့လာသင်ယူရာတွင်
ဘွဲ့ရရှိရုံတင်သာမက အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မှန်ကန်သည့် အတွေးအခေါ်၊ ကျယ်ပြန့်သည့်
အတွေးအမြင်နှင့် ပြည့်စုံကောင်းမွန်သည့် လူနေမှုဘဝကိုဖန်တီးနိုင်ရေး၊ နိုင်ငံ၏လူမှုအသိုက်အဝန်း
တိုးတက်မြင့်မားအောင် စွမ်းဆောင်နိုင်ရေး ဆက်လက်ကြိုးစားကြရန်နှင့် အဆင့်မြင့်ပညာရပ်များကို
သင်ကြားရာတွင် မိမိတို့ဝါသနာပါသည့် ပညာရပ်များကို မှန်ကန်စွာ ရွေးချယ်ကြရန်၊ လူငယ်များအနေဖြင့်
ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် ထိတွေ့နေရသည့်အတွက် မိမိတို့၏ ယဉ်ကျေးမှုအစဉ်အလာများ
မပပျောက်စေရန် ဉာဏ်ပညာနှင့် ဆန်းစစ်သုံးသပ်ပြီး ထိန်းကျောင်းရန်၊ တိုင်းပြည်နှင့်လူမျိုးကို
ချစ်မြတ်နိုးပြီး အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ကြရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု
အမွေအနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းပြီး မိမိတို့လေ့လာသင်ယူထားသည့် ပညာဖြင့်
နိုင်ငံနှင့်လူမျိုးကို အကျိုးပြုပြီး မျိုးဆက်သစ်လူငယ်များအတွက် စံပြဖြစ်အောင် လုပ်ဆောင်ကြရန်
တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ခြောက်ဘာသာ ဂုဏ်ထူးနှင့် ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့်
ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသား ကျောင်းသူများကိုယ်စား
ကျောင်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားကာ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်
ပညာရေးဝန်ထမ်းသားသမီး ၃၅၈၀ အောင်မြင်ခဲ့ပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ ငါးဘာသာဂုဏ်ထူးရှင်
၄၀၊ လေးဘာသာဂုဏ်ထူးရှင် ၁၁၀၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၇၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၈၃ဦး၊
တစ်ဘာသာဂုဏ်ထူးရှင် ၄၃၄ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၄၂၂ ဦးရှိပြီး ပညာရေးဝန်ထမ်းမိသားစုများ၏
ကြိုးစားအားထုတ်မှုနှင့် တာဝန်ကျေပွန်မှုများကို ဂုဏ်ပြုသောအားဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့်
ပညာရေးမိသားစုများသာမက သက်ပြည့်အငြိမ်းစားနှင့် ကွယ်လွန်သူများ၏ သားသမီးများကိုပါ ဂုဏ်ထူးတစ်ဘာသာလျှင်
ငွေကျပ် တစ်သိန်းငါးသောင်း နှုန်း၊ ရိုးရိုးအောင်မြင်သူတစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့်
ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment