နေပြည်တော် စက်တင်ဘာ ၁၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြပွဲကျင်းပရေး ကော်မတီ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှမန်မြို့၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်ပြပွဲ (The 25th China International Fair for Investment and Trade-CIFIT) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
စက်တင်ဘာ ၇ ရက်တွင်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူကျင့် ပြည်နယ်ခေါင်းဆောင်များနှင့်
ဂျီးမေးလ်ခရိုင်မှူးတို့က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ပါဝင်တက် ရောက်ခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့်
ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ်
ဆွေးနွေးကြသည်။
စက်တင်ဘာ ၈ ရက်တွင်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၂၅) ကြိမ်မြောက် တရုတ်အပြည်ပြည် ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုန်စည်ပြပွဲဖွင့်ပွဲသို့ တက်ရောက်သည်။
ထို့နောက် (၅)ကြိမ်မြောက်
ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အဖွဲ့ဝင်နိုင်ငံများ၏
စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အခမ်းအနားသို့ တရုတ်၊ လာအို၊
စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် RCEP တွင် ပါဝင်ဆောင်ရွက် လျက်ရှိသည့်အခြေအနေနှင့်
အကျိုးသက်ရောက်မှုများ၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based
industry) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အစီအမံများ၊ ဒေသတွင်း စီးပွားရေးအခြေအနေ၊ ရှေ့ဆက်ဆောင်ရွက်နိုင်မည့်
လုပ်ငန်းစဉ်များ၊ RCEP အဖွဲ့ဝင် နိုင်ငံများ၏ ဖွံ့ဖြိုးမှုအဆင့်အတန်း ကွာဟသည့်အတွက်
အကျိုးကျေးဇူးများ မျှတမှုရှိစေရန် ဆောင်ရွက်နိုင်မှုနည်းလမ်းများနှင့် မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
စက်တင်ဘာ ၉ ရက်တွင်
ရှမန်နှလုံးသွေးကြောရောဂါကုဆေးရုံ၊ ရှမန်တက္ကသိုလ်သို့ သွားရောက် လေ့လာခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရှမန်နှလုံးသွေးကြော ရောဂါကုဆေးရုံ၊ ရှမန်တက္ကသိုလ်တို့အကြား
နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုင်ငံတကာမှ လာရောက်ပြသထားသော ပြခန်းများရှိ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ၊ နည်းပညာသစ်များနှင့်
စီးပွားရေးကဏ္ဍအမျိုးမျိုးကို သွားရောက်လေ့လာခဲ့ကြသည့်အပြင် ခရီးစဉ်အတွင်း ရှမန်မြို့ရှိ
ICT နည်းပညာဆိုင်ရာ Software Park သို့ သွားရောက်လေ့လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ဆွဲဆောင်ခြင်းတို့ကို
ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment