Thursday, September 11, 2025

စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်သော ဓာတ်မြေဩဇာများ ဖြန့်ခွဲနိုင်ရေး၊ ဓာတ်မြေဩဇာဖိုးငွေများ အချိန်မီပြန်လည်ပေးဆပ်နိုင်ရေး၊ စပါးစိုက်ပျိုးခြင်းတွင် စက်မှုလယ်ယာစနစ် Drum Seeder များ ဖြန့်ခွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ



ရန်ကုန် စက်တင်ဘာ

စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်သောဓာတ်မြေဩဇာများ ဖြန့်ခွဲနိုင်ရေး၊ ဓာတ်မြေဩဇာဖိုးငွေများ အချိန်မီပြန်လည်ပေးဆပ်နိုင်ရေး၊ လိုအပ်သည့် ကိစ္စရပ်များ ပံ့ပိုးနိုင်ရေးနှင့် စပါးစိုက်ပျိုးခြင်းတွင် စက်မှုလယ်ယာစနစ်လွှမ်းခြုံနိုင်ရန်အတွက် Drum Seeder များ ဖြန့်ခွဲနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များအနေဖြင့် တောင်သူများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ကြရာတွင် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာနှင့် စက်ကိရိယာများ လိုအပ်ချက်များရှိလာပါက သက်ဆိုင်ရာဌာနအဖွဲ့အစည်းအလိုက် အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေး၊ သီးနှံအထွက်နှုန်းတိုးတက်ရေး၊ Drum Seeder များ ဖြင့် နွေစပါးအပြည့်အဝစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးရန်အတွက် တစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးတက်လာအောင် တောင်သူများနှင့် မြို့နယ်/ ခရိုင်အဆင့်အလိုက် အထူးအလေးထားကြပ်မတ်ဆောင်ရွက်သွားရန်စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဆွေနှင့် စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်တို့က လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဓာတ်မြေဩဇာများ ဖြန့်ခွဲနိုင်ရေး၊ ဓာတ်မြေဩဇာဖိုးငွေများ အချိန်မီပြန်လည်ပေးဆပ်နိုင်ရေးနှင့် Drum Seeder များ ဖြန့်ခွဲနိုင်ရေးတို့အတွက် ဆွေးနွေးတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပေါင်းစပ်ညှိနှိုင်းပူပေါင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment