Thursday, September 11, 2025

ကယားပြည်နယ် “မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅” အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား လွိုင်ကော်တွင် ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၁၁

ကယားပြည်နယ်အတွင်းရှိ လူငယ်များ ထူးချွန်ထက်မြက်စွမ်းရည်ပြည့်ဝစေရန်နှင့် လူငယ်ကဏ္ဍဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်-၂၀၂၅” အတွေ့အကြုံစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။






အခမ်းအနားကို လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်သား၊ ကျောင်းသူများက “လူငယ်စွမ်းရည်” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅” ကို ပြည်နယ်ကိုယ်စားပြုတက်ရောက်ခဲ့ကြသည့် လူငယ်မောင်မယ်များအနေဖြင့် ၎င်းတို့ရရှိခဲ့သော အတွေ့အကြုံကောင်းများကို ပြန်လည်မျှဝေခြင်းအားဖြင့် ပြည်နယ်အတွင်းရှိ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းနိုင်မှုနှင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် လုပ်ဆောင်ရမည့်အရာများကို သိရှိနိုင်စေရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ လူငယ်များသည် လူ့ဘောင်အဖွဲ့အစည်းအတွက် အားကိုးအားထား ပြုကြရသည့် လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်၍ နိုင်ငံတော်အစိုးရမှ လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များအနေနဲ့ မိမိပြည်နယ်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် ဗလငါးတန်နဲ့ ပြည့်စုံသည့် လူငယ်များဖြစ်အောင် မဆုတ်မနစ်အားထုတ်ကြိုးပမ်းကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက လူငယ်ဖိုရမ်အထိမ်းအမှတ်တံဆိပ်အား အပ်နှံခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖိုရမ်တက်ရောက်ခဲ့သော ပြည်နယ်ကိုယ်စားပြုလူငယ်အဖွဲ့နှင့် အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ကြသည့် အဆိုအကအဖွဲ့များအား ဂုဏ်ပြချီးမြှင့်ငွေများပေးအပ်ရာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့နှင့် ဖိုရမ်နှလုံးသား” လူငယ်လှုပ်ရှားမှုမှတ်တမ်း Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(လွိုင်ကော်)မှ ကထိက ဒေါ်အိအိဇင်က မြန်မာ့အနာဂတ်စာမျက်နှာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီး လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “နှလုံးသားအိမ်” သီချင်းဖြင့် ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖိုရမ်တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ မောင်ဉာဏ်လင်းထွန်းက “အနာဂတ်ပညာရေးနှင့် ကျွမ်းကျင်မှု”၊ မောင်မင်းမင်းက “စီးပွားရေးအခွင့်အလမ်းများနှင့် လူငယ်စွန့်ဦးတီထွင်မှု”၊ နည်းပညာတက္ကသိုလ်မှ မောင်အောင်အောင်က “နိုင်ငံသားပူးပေါင်းပါဝင်မှုနှင့် လူငယ်ခေါင်းဆောင်မှု”၊ ကွန်ပျူတာတက္ကသိုလ်မှ မချောစုသင်းနိုင်က “ရေရှည်တည်တံ့မှုနှင့် ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှု”၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ မောင်လှိုင်ဖြိုးဝင်းက “ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုတိုးမြှင့်ခြင်း” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး နည်းပညာတက္ကသိုလ်မှ မသုနှင်းဇင်က “မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် −၂၀၂၅” ကြေညာစာတမ်းကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment