Thursday, September 11, 2025

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ



ရန်ကုန် စက်တင်ဘာ ၁၁

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။



ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားအဖွဲ့များက တစ်ဖွဲ့ချင်းအလိုက် မိတ်ဆက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုမိတ်ဆက်အမှာစကားပြောကြားရာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် မိမိတို့၏အစွမ်းအစအရည်အချင်းများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး မိမိတို့၏ကိုယ်စားပြုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းအောင်နိုင်ရေးအတွက် အနိုင်မခံအရှုံးမပေးသည့် ဇွဲ၊ စိတ်ဓာတ်အပြည့်နှင့် သန့်ရှင်းစွာ ပါဝင်ယှဉ်ပြိုင်ကစားကြရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် စည်းကမ်းနှင့်အညီ ပြောဆိုနေထိုင်ကြပြီး ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်သွားကြရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာယှဉ်ပြိုင်ကြရန်နှင့် ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်ကအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြရန်စသည်တို့ကို ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများအား လက်ဖက်ရည်နှင့် မုန့်များဖြင့် တည်ခင်းဧည့်ခံပြီး ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲကို စက်တင်ဘာလ(၁၁)ရက်နေ့မှ စက်တင်ဘာလ(၁၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments:

Post a Comment