နေပြည်တော် စက်တင်ဘာ ၂၅
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် CPU အဖွဲ့ဝင်များနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု၏ ဆိုးရွားသောအကျိုးဆက်များကြောင့် ကမ္ဘာနှင့်တစ်ဝန်း တိုက်ဖျက်ကြရန် ကုလသမဂ္ဂကွန်ဗင်းရှင်းတစ်ရပ်ကို ၂၀၀၃ ခုနှစ်တွင် ချမှတ်ထား သကဲ့သို့ မိမိတို့နိုင်ငံတော်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ ပိုမိုထိရောက်စွာတားဆီးနှိမ်နင်းခြင်း၊ ပညာပေးခြင်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိကြရကြောင်း၊ ယနေ့ကျင်းပသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများသည် အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များကိုရရှိခြင်း၊ အဂတိကင်းသောလူ့အဖွဲ့အစည်း ဖြစ်ပေါ်စေရေးအတွက် လူ့အခွင့်အရေးအခြေခံဖြင့် ပေါင်းစပ်ဖော် ဆောင်ပေးနိုင်မည် ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်က ကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သည့် အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပိုမိုပွင့်လင်းမြင်သာပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU)များနှင့်တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment