မောင်မောင်ထွန်း (ပန်းပျိုးအိမ်)
လူတို့သည် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တစ်နေရာမှတစ်နေရာသို့ ခရီးလှည့်လည်သွားလာကြသည်။ ထိုသို့ခရီးသွားလာကြရာတွင်ခေတ်အဆက်ဆက် ခရီးသွားလာမှုပုံစံများ ပြောင်းလဲလာပြီး ခရီးသွားလုပ်ငန်းသည်လည်း ကြီးမားကျယ်ပြန့်လာသည်။ ခရီးသွားလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးစီးပွားရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ လူတို့၏လူမှုစီးပွားရေးဘဝများ တိုးတက်ရေးကိုလည်း များစွာအထောက်အကူပြုလျက်ရှိနေသည်။
နိုင်ငံတစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေးအပြင် ၎င်းတိုးတက်ရေးကို ရေရှည်စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်း ထားနိုင်စေရေးအတွက် ယင်းနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးနှင့် လူမှုဖူလုံရေးတို့အကြား ဟန်ချက်ညီသော ဗျူဟာမြောက်လုပ်ဆောင်ချက်များဖြစ်စေ ရန်မှာလည်း အဓိကကျလှပေသည်။
ရေရှည်အစီအမံများ ချမှတ်
ကမ္ဘာကြီးသည် အပြန်အလှန်ချိတ်ဆက်မှု ရှိလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းအတွက် စီးပွားရေးဖွံ့ဖြိုးမှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကဏ္ဍတို့တွင် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ရေရှည်အစီအမံများချမှတ်ပြီး စဉ်ဆက်မပြတ် ဖော်ဆောင်မှုများကို မြှင့်တင်ရန်လည်းအရေးကြီးလာသည်။
ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO) (ယခု UN Tourism) ကို ၁၉၇၅ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ တို့ အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်သည် ကမ္ဘာ့ခရီးသွားလုပ်ငန်း နယ်ပယ်၏ ဦးဆောင်အဖွဲ့အစည်းဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ နှစ်စဉ်စက်တင်ဘာလ ၂၇ ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၁၉၈၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်း အနားများစတင်ကျင်းပလာခဲ့သည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းစုံကဏ္ဍ များ ဆုတ်ယုတ်ကျဆင်းမှုမရှိစေရေး၊ ဘက်ပေါင်းစုံမှ ကျားကန်ရပ်တည်သွားနိုင်စေရေး၊ ရေရှည် အစီအမံများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်စေရေး မျှော်မှန်းရည်ရွယ်၍ ၂၀၂၅ ခုနှစ်အတွက် ဆောင်ပုဒ်ကို ‘‘ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့၊ စဉ်ဆက်မပြတ် ဖော်ဆောင်စို့’’... ဟူ၍ ချမှတ်ထား သည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အမြန်ဆုံးဝင်ငွေ ရရှိပြီး အကောင်းဆုံး မီးခိုးမထွက်သည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။ ခရီးသွားလုပ်ငန်းတွင် ယဉ်ကျေးမှုဆိုင်ရာခရီးသွားလုပ်ငန်း (Cul-tural Tourism)၊ အပန်းဖြေခရီးသွားလုပ်ငန်း (Leisure Tourism)၊ စီးပွားရေးနှင့်ဆိုင်သော ခရီးသွားလုပ်ငန်း (Business Tourism)၊ အားကစားဆိုင်ရာ ခရီးသွားလုပ်ငန်း (Sports Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism)၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း (Eco-Tourism) နှင့် စိုက်ပျိုးရေးခရီးသွားလုပ်ငန်း (Agro-Tourism) စသည်ဖြင့် ရှိကြသည်။
စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အလေးထားဆောင်ရွက်
ခရီးသွားလုပ်ငန်းကို ကမ္ဘာ့နိုင်ငံများအတွက် ချစ်ကြည်ငြိမ်းချမ်းရေးနှင့် အပြန်အလှန်နားလည်မှုမြှင့်တင်ရန် အစွမ်းထက်သည့်ကိရိယာတစ်ခုအဖြစ်၊ ယဉ်ကျေးမှုများအကြား ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားအဖြစ် ကာလရှည်ကြာကပင် အသိအမှတ်အမှတ်ပြုထားခဲ့ကြသည်။ ခရီးသွားလုပ်ငန်းသည် မီးခိုးမထွက်သည့်စက်ရုံများဟု တင်စားခေါ်ဆိုထားပြီး ခရီးသွားလုပ်ငန်းများမှ တစ်ဆင့်စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသည်။ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး ဖွံ့ဖြိုး တိုးတက်မှုသည် ခရီးသွားလုပ်ငန်းကို အားကောင်း စေနိုင်ခြင်းဖြင့် အပြန်အလှန်အထောက်အကူပြု လျက်ရှိနေသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစားအသီးသီးထံသို့ ဝင်ငွေများ တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းလမ်းများနှင့် စီးဝင်စေခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိစေနိုင်သည့် မီးခိုးမထွက်သည့်စက်ရုံ (Smokeless Industry) တစ်ခုဖြစ်သည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကို စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အရေးပါသည့်လုပ်ငန်းအဖြစ် အလေးထားဆောင်ရွက်သကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ပြည်တွင်း ပြည်ပ ခရီး သွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိနေကြသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး မှီတင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးစုတိုင်းတွင် မတူညီသော ယဉ်ကျေးမှုဓလေ့စရိုက်များ၊ သက်ဝင်ယုံကြည်မှုများ၊ ရိုးရာပွဲတော်များနှင့် ဒေသထွက်ပစ္စည်းများ၊ အစားအသောက်များစသည့် အလွန်စိတ်ဝင်စားဖွယ်ရာများကို ပိုင်ဆိုင်ထားကြသည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝအလှအပများသည် ခရီးသွားဧည့်သည်များအတွက် အလွန်ဆွဲဆောင်မှုရှိသော နေရာများပင်ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်
တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများစသည့် မတူကွဲပြား ထူးခြားလှပသည့် သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ အရောင်အသွေးစုံလင် သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသည် များကို ဆွဲဆောင်နိုင်သည့်အရာများပင်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံသည် ဒေသအလိုက် တစ်နေရာနှင့်တစ်နေရာ မတူညီဘဲ ကွဲပြားခြားနားသည့် သဘာဝပတ်ဝန်းကျင်များ၊ ဒေသအလိုက်လူမျိုးအလိုက် အစားအသောက်များနှင့် ရိုးရာ လက်မှုများ၊ အနုပညာများ စုံလင်စွာရှိနေသည်။ အရှေ့တောင်အာရှတွင် ရေခဲဖုံးလွှမ်းသော တောင်တန်းများမှာ မြန်မာတစ်နိုင်ငံတည်းတွင် သာရှိပေရာ၊ ဤသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ ထိုသို့ တန်ဖိုးမဖြတ်နိုင်သောအရာများ ကို မပျောက်မပျက်အောင် ထိန်းသိမ်းမြှင့်တင်၍ ခရီးသွားဆွဲဆောင်မှုများဖြစ်လာစေရန် ဆောင်ရွက် ခြင်းဖြင့် ခရီးစဉ်ဒေသများအဖြစ် ရပ်တည်လာနိုင် ပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် မှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်မှုတို့ကိုပါ များစွာအထောက်အကူပြုလာ နိုင်မည်ဖြစ်သည်။
လူမှုစီးပွားဘဝ မြင့်မားလာစေမည်
ခရီးသွားလုပ်ငန်းဆိုသည်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံ တိုင်းက လုပ်ဆောင်နေသော လုပ်ငန်းဖြစ်သည်။ နိုင်ငံများအလိုက် အပြိုင်အဆိုင်ဆွဲဆောင် စည်းရုံး နေရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် မိမိတို့နိုင်ငံအနေဖြင့် အခြားသောဒေသတွင်းနိုင်ငံများထက် ဆွဲဆောင်စည်းရုံးနိုင်ရန် လိုအပ်သည်။ နိုင်ငံတိုင်း၏ စီးပွားရေးလုပ်ငန်းများအတွက် ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေး မှုဓလေ့ထုံးစံများ၊ ရိုးရာအစားအစာများ၊ ဒေသ ထွက်ကုန်ပစ္စည်းများ၊ ဆင်ယင်ထုံးဖွဲ့မှုများကို ကမ္ဘာကသိအောင် လုပ်ဆောင်ပေးသည့်လုပ်ငန်း ဖြစ်သည်။ ထို့ပြင် နိုင်ငံခြားဝင်ငွေကိုပါ ရှာဖွေပေးသည့်လုပ်ငန်းလည်းဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် လူသားအချင်းချင်းချစ်ကြည်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်း၊ ပညာရေးနှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှုရှိခြင်း၊ နည်းပညာဆန်းသစ်စေ ခြင်းတို့ရရှိစေပြီး ဒေသခံတို့၏ လူမှုစီးပွားဘဝမြင့်မားလာစေမည်ဖြစ်သည်။
စင်စစ်အားဖြင့် ကမ္ဘာ့စီးပွားရေးတွင် ခရီးသွားလုပ်ငန်းသည် သိသာထင်ရှားဆုံးနှင့် တိုးတက်မှုအရှိဆုံးကဏ္ဍတစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရာတွင်လည်း အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံများ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနိုင်သည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလုပ်ဆောင်လျက်ရှိရာ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏အဆိုအရ ခရီးသွားလုပ်ငန်း၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုသည် ကမ္ဘာ့အလုပ်အကိုင်များ၏ ၁၁ ပုံ တစ်ပုံရှိကြောင်းသိရှိရသည်။
ဆိုရလျှင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ခြင်းသည် ဆက်စပ်နယ်ပယ်များအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး ဖန်တီးပေးနိုင်ကာ ဒေသတွင်းစီးပွားရေးဆိုင်ရာ မညီမျှမှုများကိုလည်း လျော့ကျစေနိုင်သည်။ အထူးသဖြင့်ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ အထောက်အကူပြုသည့်အပြင် တည်ငြိမ် အေးချမ်းမှုကိုလည်း ဖြစ်ပေါ်စေသည်။
ကိုဗစ်ကာလအလွန်နောက်ပိုင်း ယနေ့ချိန်ခါ တွင် ကမ္ဘာ့နေရာအနှံ့အပြား၌ နိုင်ငံရေးနှင့် နှီးနွှယ် သည့် သဘောထားကွဲလွဲမှုပဋိပက္ခများ၊ နိုင်ငံရေးပြဿနာများသည် တစ်စထက်တစ်စ ကြီးထွားလာ ကာ ပြည်တွင်း ပြည်ပ ကျူးကျော်စစ်များအဖြစ်သို့ ရောက်ရှိကြုံဆုံလာကြသည်ကို တွေ့ရှိနေရသည်။ မတည်မငြိမ် မငြိမ်းမချမ်းဖြစ်နေကြရသည်။ ဆင့်ကဲ စွာ မြေငလျင်၊ ရေကြီးရေလျှံ၊ တောမီးလောင်ကျွမ်းမှု စသည့် သဘာဝကပ်ဘေးများ၏ ခြိမ်းခြောက်မှု ဒဏ်များနှင့်လည်း ကြုံဆုံခံစားရပြန်သည့်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍ ဖော်ဆောင်ရေးတွင် များစွာထိခိုက်နစ်နာရစေသည်မှာ အမှန်ပင်ဖြစ်သည်။
မြန်မာနိုင်ငံသည်လည်း ၂၀၂၅ ခုနှစ် မတ်လအတွင်းက အင်အားပြင်းမန္တလေးငလျင်ကြီး၏ လှုပ်ခတ်ဒဏ်သင့်မှုကြောင့် ခရီးသွားများ စိတ်ဝင် စားရာ လေ့လာစရာဆွဲဆောင်နိုင်ရာ ခရီးစဉ်ဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်ဒေသရှိ အင်းလေးအပါအဝင် နေရာ ဒေသအနှံ့အပြားရှိ ဘုရားပုထိုးများ၊ သာသနိက ဆိုင်ရာ အဆောက်အအုံများ၊ ယဉ်ကျေးမှုအမွေ အနှစ်ဆိုင်ရာများ၊ လမ်းတံတားများ၊ လူနေ အဆောက်အအုံများ၊ အသက်အိုးအိမ်စည်းစိမ် ပေါင်းများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။ ရှေးဟောင်းယဉ်ကျေးမှုအနုလက်ရာများ၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာများ ပျက်စီးဆုံးရှုံးရမှုများ အတွက် များစွာနှမြောတသဖြစ်စေရသည်။ ယင်း ခရီးစဉ်ဒေသများရှိ လေ့လာစရာ ခရီးသွားဆွဲဆောင်မှုများ ပျက်စီးထိခိုက်ဆုံးရှုံးရခြင်းများက ခရီးသွားကဏ္ဍနှင့် ဆက်စပ်လျက်ရှိပေရာ ခရီးသွားလုပ်ငန်းအတွက်ပါ သက်ရောက်မှုရှိသွားရပေသည်။ နိုင်ငံတော်ပိုင်းမှလည်း ငလျင်ဘေးဒဏ်သင့်ဒေသ များ ပြန်လည်ထူထောင်ရေးနှင့် အမြန်ဆုံးပြန်လည်ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် နိုင်ငံတကာထောက်ပံ့ကူညီပေးမှုများနှင့်အတူ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်။
အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်
မည်သို့ပင်ဖြစ်စေ ယင်းခြိမ်းခြောက်မှုစိန်ခေါ်မှုများကို ချေဖျက်ရင်းဖြင့်ပင် အစီအမံများ နည်းလမ်းသစ်များဖြင့် ကြံဆအဖြေရှာကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကနှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်မည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ရပ် မဖြစ်မနေလိုအပ်သည်။ ခရီးသွားလုပ်ငန်းသည် ငြိမ်းချမ်းရေးအသွင်ပြောင်းလဲခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆက်နွှယ်ကာ တွန်းအားပေးပြောင်းလဲနိုင်သည်ဟု ဆိုနိုင်သည့်အတွက် ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးသည် ကြီးမားသော ဆက်နွှယ်မှုရှိနေသည်ဖြစ်ရာ မိမိနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိအောင် အတူတကွ ကြိုးပမ်းဖော်ဆောင်ဖို့အချက်သည် အားလုံးတွင် တာဝန်ရှိလာမည်ဖြစ်သည်။
ခရီးသွားအိပ်မက်များကို အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည်
ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းအားလုံးတွင် ဧည့်သည်များ၏ စိတ်ကျေနပ်မှုသည်လည်း လွန်စွာအဓိကကျပေသည်။ အရည်အသွေးပြည့်မီသည့် ဝန်ဆောင်မှုတွင် စိတ် ကျေနပ်မှုများရရှိအောင် တာဝန်ကျေစွာ အပြည့်အဝဝန်ဆောင်မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးရသည့် အခန်းကဏ္ဍသည် ခရီးသွားလုပ်ငန်း၏ အရေးပါသည့် အချက်တစ်ချက်ဖြစ်သည်။ အထူး သဖြင့် ခရီးစဉ်ဒေသများအတွင်း အထင်ကရနှင့် အဆွဲဆောင်နိုင်ဆုံးနေရာများအဖြစ် တသအမွှမ်းတင် ကျန်ရစ်နေစေရေးနှင့် ခရီးသွားများအတွက် ချောမွေ့သောခရီးစဉ်ဖြစ်စေရေးတို့ကို ဝိုင်းဝန်း ကြိုးပမ်းရပေမည်။ ခရီးစဉ်တွင် မဖြစ်မနေ ထိတွေ့ ဆက်ဆံနေကြရသည့် ဟိုတယ်များ၊ စားသောက် ဆိုင်များ၊ အငှားယာဉ်များ၏ နွေးထွေးပျူငှာသောဆက်ဆံရေးတစ်ရပ်ကို မျှော်လင့်ကြသဖြင့် ခရီးသွား လိုသူများအတွက် ခရီးသွားအိပ်မက်များကို ဝန်ဆောင်မှုအပြည့်အဝဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရမည်ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းသည် တစ်ချိန်တည်းတွင် တည်းခိုနေထိုင်ရေးနှင့် ဧည့်ဝတ်ကျေပွန်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ စည်ပင်သာယာ လှပရေးကဏ္ဍ၊ မြို့ပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ကဏ္ဍ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ စသည့်ကဏ္ဍစုံဖွံ့ဖြိုး အောင် အချိတ်အဆက်မိမိ ဖန်တီးပေးနိုင်သည့် လုပ်ငန်းဖြစ်ပြီး တန်းတူညီမျှ အားလုံးပါဝင် ဆောင်ရွက်နိုင်သော အထောက်အကူပြု လုပ်ငန်း တစ်ရပ်လည်း ဖြစ်ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ သွားလာလည်ပတ်နိုင်ရေး၊ ခရီးသွားဧည့်သည်များအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ပြည့်စုံလွယ်ကူ လျင်မြန်စွာရရှိ နိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ခရီးသွား ဧည့်သည်များ၏ ပြည်ဝင်ခွင့် ပြည်ထွက်ခွင့်လုပ်ထုံး လုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ် ချက်များကိုလည်း ဆက်စပ်ဝန်ကြီးဌာနအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
နိုင်ငံအတွင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များ အောင်မြင် စေရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ် စီမံချက် ၉၃ ခု ပါဝင်သည့် ‘‘မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့လာစေရေးမဟာဗျူဟာလမ်းပြမြေပုံ’’ (၂၀၂၁-၂၀၂၅)ကို ရေးဆွဲ၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေ သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ဒေသတွင်းခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် အာဆီယံခရီးသွား လုပ်ငန်းမဟာဗျူဟာ (၂၀၁၆ - ၂၀၂၅) (ASEAN Tourism Strategic Plan 2016-2025)ကို အကောင် အထည်ဖော်သည့်အနေဖြင့် အာဆီယံကို ကမ္ဘာ့အကောင်းဆုံးခရီးစဉ်ဒေသတစ်ခုဖြစ်စေရန် အရည်အသွေးမြှင့်ခရီးသွားလုပ်ငန်း (Quality Tourism)ကို ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရည်အသွေးမြှင့် ခရီးသွားလုပ်ငန်းစံနှုန်းများကို ပြည်တွင်းဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆောင်ရွက် နေသူများ၊ အများပြည်သူများ၊ အဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ သိရှိနားလည်လုပ်ဆောင်နိုင်ရန် နိုင်ငံတကာ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။
ခရီးသွားသီအိုရီအတွေးအခေါ်များ အသစ်ဖြစ်ထွန်းလာ
ယနေ့ခရီးသွားလုပ်ငန်းသည် အနေအထားနှင့် သဘောသဘာဝအရ ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုများ မြန်ဆန်လျက်ရှိနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါ အလွန်ကာလမှစတင်၍ ခရီးသွားများ၏ပုံစံများ ပြောင်းလဲလာကာ ခရီးသွားလုပ်ငန်းအမျိုးအစားများလည်း ကျယ်ပြန့်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းဆိုင်ရာ သီအိုရီအတွေးအခေါ်များ အသစ် ဖြစ်ထွန်းလာသည်ကို တွေ့ရှိနေရသည်။
ခရီးသွားလုပ်ငန်းသည် အရင်းအနှီးနည်းနည်း ဖြင့် နိုင်ငံခြားငွေအမြောက်အမြား ရှာဖွေပေးနိုင်သည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် အထူးဂရုပြုဆောင်ရွက်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းတိုးတက်ရေးမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အခြေခံဖြစ်သော်လည်း တစ်ဦးကောင်းတစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ရနိုင်သည်မဟုတ်ဘဲ အဖွဲ့အစည်းများအလိုက်၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းရင်းသားပြည်သူများအလိုက်၊ နိုင်ငံများအလိုက် ပေါင်းစည်း ညီညာမှုရှိရှိနှင့်သာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
ကောင်းမွန်သောပုံရိပ်ကို အစဉ်တစိုက်ကြိုးပမ်းကြရမည်
ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့လုပ်ငန်း ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်လုပ်ငန်းလည်း ဖြစ်သည့်အတွက် ထိုလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုလျှင် သတင်းမီဒီယာကဏ္ဍလုပ်ငန်းနှင့်လည်း ဆက်စပ်သည်။ မှန်ကန်သော သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ မြန်မာနိုင်ငံ၏ကောင်းမွန်သော ပုံရိပ် ကို မြှင့်တင်ခြင်းတို့ကိုလည်း အစဉ်တစိုက် ကြိုးပမ်း ကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ခရီးသွားလုပ်ငန်းသည် နိုင်ငံတစ်ခု၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်သည့်အတွက် မြန်မာ့ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်နိုင်ဖို့ရာ သက်ဆိုင်သူများအားလုံးက နိုင်ငံချစ်စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ပေရာ နိုင်ငံအနှံ့အပြားနှင့် ကမ္ဘာတစ်ဝန်းသွားလာ လျက်ရှိသော ခရီးသွားများ၊ ပြည်တွင်းခရီးသွား လုပ်ငန်းများအနေဖြင့် ခရီးသွားလုပ်ငန်းနှင့်အတူ ဆက်စပ်နေသော လူမှုစီးပွားဘဝများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ သဘာဝသယံဇာတများ၏တန်ဖိုးကို လေးစားလျက်မိတ်ဝတ်မပျက်သောအိမ်ရှင်နှင့် ဧည့်သည်ဆက်ဆံရေးကို ထူထောင်ရင်းရေရှည်အကျိုးစီးပွားအတွက် ဝိုင်းဝန်းကြိုးပမ်းမှုစွမ်းပကားဖြင့် ဟန်ချက်ညီစွာ ‘‘ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ် ဖော်ဆောင်ကြပါစို့’’...ဟု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး အတွေးအမြင်ဖြင့် ရေးသားတင်ပြလိုက်ရပါသည် ... ။ ။
No comments:
Post a Comment