Friday, September 26, 2025

စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲနိုင်ရေးအတွက် စွမ်းအင်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်


နေပြည်တော် စက်တင်ဘာ ၂၅

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၃ ဖြင့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်း၌ပါဝင်သည့် စွမ်းအင်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပသည်။

တက်ရောက်

သင်တန်းဖွင့်ပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(မြန်မာ)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များ၊ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများမှသင်တန်းသားများတက်ရောက်ကြသည်။

ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက စားသောက်ကုန်လုပ်ငန်းကဏ္ဍရှိ စက်ရုံအလုပ်ရုံများတွင် စွမ်းအင်အကျိုးရှိထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ သက်သာစေပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်နိုင်ရန် ဖြစ်ကြောင်း၊ ယခု မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့် အကောင်အထည်ဖော်‌ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းများသည် မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး အဓိကအားဖြင့် စက်မှုကဏ္ဍနှင့်သက်ဆိုင်ကြောင်း။

စီမံကိန်း၏ လုပ်ငန်းစဉ်များတွင် စားသောက်ကုန်လုပ်ငန်းကဏ္ဍ၏ စွမ်းအင်သုံးစွဲမှုများသည် စက်ရုံ/အလုပ်ရုံများတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ် ကျင့်သုံးနိုင်ရန်၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး နည်းပညာများကို အသုံးချရန်နှင့် စွမ်းဆောင်ရည်ကောင်းမွန်သော စက်နှင့်စက်ပစ္စည်းကိရိယာများ အသုံးပြု ဆောင်ရွက်သွားရန်စသည့် လုပ်ငန်းများပါဝင်သဖြင့် လုပ်ငန်းအများစုသည် လိုက်ပါဆောင်ရွက်ထားပြီးဖြစ်ကြောင်း။

 သင်တန်းကို ရန်ကုန်မြို့ရှိ စားသောက်ကုန် လုပ်ငန်းအများစုအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး စွမ်းအင်စီမံခန့်ခွဲမှုစနစ်နှင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး နည်းပညာများကို တရုတ်နိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များက အွန်လိုင်းဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပြည်တွင်းပညာရှင်များကလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီးနှင့် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က သင်တန်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ဝန်ကြီးဌာနများ/အဖွဲ့အစည်းများ/စားသောက်ကုန် လုပ်ငန်းများမှ သင်တန်းသား ၇၀ တက်ရောက်ကြပြီး စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်အထိ နှစ်ရက်တာ ဖွင့်လှစ်သွား မည်ဖြစ်ကာ စွမ်းအင်စီမံခန့်ခွဲမှုစနစ် ISO 50001၊ အအေးစနစ်သုံး ထောက်ပံ့ပို့ဆောင်မှု ကွင်းဆက် အတွက် အစိမ်းရောင်စွမ်းအင်ချွေတာမှုဆိုင်ရာ နည်းပညာ၊ ဖိသိပ်လေစနစ်ကို အကျိုးရှိအောင် အသုံးချခြင်း၊ အလင်းပေးခြင်းတွင် စွမ်းအင်ကို ထိရောက်စွာအသုံးချခြင်း၊ ဘွိုင်လာနှင့် ရေနွေးငွေ့စနစ်များကို အကျိုးရှိအောင်အသုံးချခြင်း၊ လေအေးပေးစနစ်တွင် စွမ်းအင်ကိုထိရောက်စွာ အသုံးချခြင်း၊ ပြည့်ဖြိုးမြဲ နေရောင်ခြည်စွမ်းအင်စနစ်ဆိုင်ရာ ဆန်းစစ်ခြင်းတွင် အသုံးပြုရန်စနစ်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment