နေပြည်တော် ဩဂုတ် ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးသန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ရေးဆွဲညှိနှိုင်းစိစစ်ပြီးဖြစ်သည့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို
ဒုတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများ” ၊ “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ”
၊ “အမျိုးသား လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ” ၊ “တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်
ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ” ကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန် ကော်မရှင်အဖွဲ့ဝင်များက
တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အတည်ပြုလက်မှတ်ရေးထိုးထုတ်ပြန်သည်။
ထို့နောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ကော်မရှင်ဥက္ကဋ္ဌက
ဆွေးနွေးချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment