(၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်)
လေးစားအပ်ပါသော
မြန်မာပြည်သူပြည်သားများနှင့် အာဆီယံပြည်သူများခင်ဗျား
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ (၅၈) နှစ်မြောက် နှစ်ပတ်လည် နေ့ထူးနေ့မြတ် အခါသမယတွင် မြန်မာပြည်သူများနှင့် အာဆီယံပြည်သူများအားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
၁၉၆၇ ခုနှစ်တွင်
စတင်ဖွဲ့စည်းပေါ်ပေါက်ခဲ့သည့် အာဆီယံအသင်းကြီးသည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊
ဖွံ့ဖြိုးတိုးတက်ရေးနှင့်တစ်ပြေးညီ သာယာဝပြောရေးကို မြှင့်တင်ရန်အတွက် အသင်းကြီး၏ ရည်မှန်းချက်များကို
တည်ကြည်ခိုင်မြဲစွာ ဖော်ဆောင်လျက်ရှိပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ အတူတကွကြိုးပမ်းမှု၊
အမြော်အမြင်နှင့် မျှော်မှန်းချက်တို့ဖြင့် အာဆီယံအဖွဲ့ကြီးသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်
သာယာဝပြောရေးကို မြှင့်တင်လျက် ဒေသတွင်းခိုင်မာသည့် အသိုက်အဝန်းတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ပါသည်။
အသင်းကြီးလျှောက်လှမ်းခဲ့သည့် ခရီးလမ်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာနိုင်ငံသည်
ဂုဏ်ယူစွာဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ငြိမ်းချမ်းသာယာဝပြောသော အရှေ့တောင်အာရှအတွက်
မိမိတို့၏မျှော်မှန်းချက်များရောက်ရှိရန် အာဆီယံ ပဋိညာဉ်စာတမ်း၏ အရေးပါသော အခန်းကဏ္ဍကို
အသိအမှတ်ပြုလျက် ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များကို မမှိတ်မသုန် လိုက်နာစောင့်ထိန်းလျက်ရှိပါသည်။
အာဆီယံအဖွဲ့ကြီးကို
၁၉၆၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြင့်
စတင်ဖွဲ့စည်းခဲ့ပြီး ဘရူနိုင်းနိုင်ငံက ၁၉၈၄ ခုနှစ်တွင်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံက
၁၉၉၅ ခုနှစ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့က ၁၉၉၇ ခုနှစ် တွင်လည်းကောင်း၊
ကမ္ဘောဒီးယားနိုင်ငံက ၁၉၉၉ ခုနှစ်တွင်လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ကြပါသည်။ မိမိတို့အဖွဲ့ဝင်နိုင်ငံများ
ပေါင်းစည်းလျှောက်လှမ်းခဲ့ရာ ခရီးလမ်း၊ မိမိတို့၏အားမာန်များ စုစည်းလျက် နိုင်ငံရေး၊
စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှုကဏ္ဍများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရာမှ ရရှိခဲ့ကြသည့်
အောင်မြင်မှုများကို ပြန်ပြောင်းသတိရ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
အာဆီယံပေါ်ပေါက်ခဲ့သည်မှာ
(၅၈) နှစ် နှစ်ပတ်လည်အခါသမယသို့ ရောက်ရှိပြီဖြစ်ရာ အောင်မြင်မှုရရှိခဲ့သော ဒေသတွင်း
အဖွဲ့အစည်းတစ်ရပ်အဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဒေသတွင်း နိုင်ငံရေးနှင့်
လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်နှင့် လူမှု-ယဉ်ကျေးမှု မဏ္ဍိုင် (၃) ရပ်အပေါ်
အခြေတည်သည့် အာဆီယံအသိုက်အဝန်း ၂၀၁၅ ကို တည်ထောင်နိုင်ခြင်းအပါအဝင် အထင်ကရအောင်မြင်မှုများ
ဆွတ်ခူးနိုင်ခဲ့ပါသည်။ အာဆီယံသည် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF)၊ အရှေ့အာရှထိပ်သီးအစည်းအဝေး
(EAS)၊ အာဆီယံကာကွယ်ရေးဝန်ကြီးများအပေါင်း အစည်းအဝေး (ADMM-Plus) စသည့် ဒေသတွင်းအဓိကကျသော
ဖိုရမ်များကို ဦးဆောင်လျက် စေ့စပ် ဆွေးနွေးမှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့်
ဒေသတွင်းပေါင်းစည်းမှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ပါသည်။ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်
၂၀၂၅ ကို အကောင်အထည်ဖော်မှုများသည်လည်း ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း နှစ်ထောင်းအားရဖွယ်
တွေ့ရှိရပါသည်။
“အာဆီယံအသိုက်အဝန်း
မျှော်မှန်းချက် ၂၀၄၅” ပန်းတိုင်များ အောင်မြင်စွာ လျှောက်လှမ်းနိုင်ရန်အတွက် ယခု ၂၀၂၅
ခုနှစ်သည် အာဆီယံအတွက် အောင်မြင်မှုများကို ပြန်လည်သုံးသပ်ကာ ဦးစားပေးမှုကဏ္ဍများကို
ချိန်ညှိလျက် ဘက်စုံနည်းဗျူဟာများကို ချမှတ်ရမည့် အဓိကကျသော နှစ်တစ်နှစ်ဖြစ်ပါသည်။
အဆိုပါ “အာဆီယံ ၂၀၄၅ မျှော်မှန်းချက်” ကို အခြေပြုလျက် အာဆီယံအနေဖြင့် စည်းလုံးညီညွတ်ပြီး
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိကာ စီးပွားရေးအရ အားကောင်း၍ ဒေသတွင်းငြိမ်းချမ်းမှုရှိရေးကို
ထပ်လောင်းအတည်ပြုဖော်ဆောင်သွားကြရပါမည်။ လာမည့် ၂၀၄၅ ခုနှစ်တွင် အာဆီယံသည် ကမ္ဘာ့နိုင်ငံများက
လေးစားထိုက်သော တိုးတက် အောင်မြင်သည့် အသိုက်အဝန်းကြီးဖြစ်ရန် ရည်မှန်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
အသင်းကြီးအနေဖြင့်
လျင်မြန်စွာပြောင်းလဲလျက်ရှိသည့် ပထဝီနိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားရေးဖြစ်စဉ်များအကြား
ကြံ့ကြံ့ခံနိုင်ပြီး အချိတ်အဆက်ရှိစွာ တုံ့ပြန်မှုမြန်ဆန်စွာဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော
အဖွဲ့အစည်းအဖြစ် ရပ်တည်ရမည်ဖြစ်ပါသည်။ ဤအခြေအနေ များကြောင့် ယခု ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏
“အားလုံးပါဝင်နိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု” ဟူသည့် ဆောင်ပုဒ်သည် ဒေသတွင်း
ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မိမိတို့၏
ကတိကဝတ်များကို ထင်ဟပ်လျက်ရှိပါသည်။ ဒေသတွင်းလုံခြုံရေးအခင်းအကျင်းကို ဦးဆောင်တည်ဆောက်ရာတွင်
အာဆီယံ၏အရေးပါသော အခန်းကဏ္ဍကို ခိုင်မာစေရန်၊ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို
မြှင့်တင်နိုင်ရန် မိမိတို့အားလုံး အတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ပါသည်။
အချုပ်အခြာအာဏာနှင့်
နယ်မြေတည်တံ့ခိုင်မြဲရေး၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရေး၊ အငြင်းပွားမှုများကို
ငြိမ်းချမ်းစွာ ဖြေရှင်းရေး၊ အုပ်ချုပ်ရေးစနစ် ကောင်းမွန်ရေး၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးတို့ကို
ပြဋ္ဌာန်းထားသော အာဆီယံပဋိညာဉ် စာတမ်းတွင် မိမိတို့အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုသည်
အဓိကဖြစ်ပြီး အာဆီယံ၏ မီးရှူးတန်ဆောင်ဖြစ်ပါသည်။ ပထဝီနိုင်ငံရေး အရွေ့အပြောင်းများ၊
စီးပွားရေးတုံ့ဆိုင်းမှုများ၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများစသည့်
ဒေသတွင်းနှင့် နိုင်ငံတကာစိန်ခေါ်မှုများ ရှုပ်ထွေးစွာ ဖြစ်ပေါ်လျက်ရှိချိန်တွင် အဖွဲ့ဝင်နိုင်ငံများက
စုပေါင်းကာ ရှေ့သို့ချီတက်ရန် လုပ်ငန်းစဉ်များ ရေးဆွဲဖော်ဆောင်ခြင်းအားဖြင့် အာဆီယံအသင်းကြီးသည်
ကြံ့ကြံ့ခံကာ လိုက်လျောညီထွေ လှုပ်ရှားဆောင်ရွက်လျက်ရှိပါသည်။
ယနေ့အခါသမယတွင်
ပဋိညာဉ်စာတမ်း၏ အခြေခံမူများနှင့် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင်
အဓိကကျသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ပါ ပြဋ္ဌာန်းချက်များကို
လေးစားလိုက်နာစောင့်ထိန်းကြရမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။ အာဆီယံပဋိညာဉ်စာတမ်း၏
မူများနှင့် ရည်ရွယ်ချက်များအရ အာဆီယံစည်းလုံးညီညွတ်မှုနှင့် အာဆီယံဗဟိုအချက်အချာကျမှုတို့ကို
ဖော်ဆောင်ရန်အတွက် မိမိတို့မြန်မာနိုင်ငံသည်လည်း သန္နိဋ္ဌာန်ပြု၍ မြဲမြံစွာရပ်တည်လျက်ရှိပါသည်။
မိမိတို့အဖွဲ့ဝင်နိုင်ငံများအကြား မတူကွဲပြားသည့် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးအနေအထားများ
မည်သို့ပင်ရှိစေကာမူ မိမိတို့အဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့မှုကို
အခြားနိုင်ငံက လေးစားလျက် အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ်တွင်
အာဆီယံ၏စွမ်းအားသည် တည်ရှိလျက်ရှိပါသည်။
အာဆီယံပဋိညာဉ်စာတမ်းတွင်
ပြဋ္ဌာန်းထားသော အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဖြင့် မိမိတို့သည်
ပြင်ပမှ ပတ်သက်မှုမပါရှိဘဲ မိမိတို့၏ တူညီဆန္ဒဖြင့် ဆုံးဖြတ်လုပ်ကိုင်သည့် ဂုဏ်သိက္ခာသမာဓိကို
ထိန်းသိမ်းကာ ဒေသတွင်းစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းကြရမည်ဖြစ်ပါသည်။
လေးစားအပ်ပါသော
မြန်မာပြည်သူပြည်သားများနှင့် အာဆီယံ ပြည်သူများခင်ဗျား
ယခုကဲ့သို့ (၅၈)
နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခါသမယတွင် မတူကွဲပြားသော်လည်း စည်းလုံးညီညွတ်မှုရှိစွာဖြင့်
စုစည်းပြီး ကြံ့ကြံ့ခံလျက် သာယာဝပြောမှုကို မျှဝေကြသည့် အာဆီယံ၏စံနှုန်းများကို ထိန်းသိမ်းကြရန်
မိမိတို့၏သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုကြပါရန်နှင့် အတိတ်ကာလ အောင်မြင်မှုများကို
ဂုဏ်ယူကျေနပ်ရုံသာမက ငြိမ်းချမ်းရေးထိန်းသိမ်းလျက် သာယာဝပြောရေး ဖော်ဆောင်ကာ ဒေသတွင်း
ကြွယ်ဝသောယဉ်ကျေးမှုများကိုလည်း စုပေါင်းထိန်းသိမ်းပျိုးထောင်သွားကြပါရန် တိုက်တွန်းအပ်
ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ
ပြည်သူများအားလုံး အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပြီး ငြိမ်းချမ်းသာယာဝပြောမှုများကို
နောင်လာမည့်နှစ်များတွင်လည်း ရရှိခံစားနိုင်ကြပါစေကြောင်း၊ အာဆီယံပြည်သူများ၏ စိတ်နှလုံးတွင်း၌
တစ်စုတစ်စည်းတည်းဖြစ်သည်ဟူသည့် အာဆီယံစိတ်ဓာတ်များ ကိန်းဝပ်ရှင်သန်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး
သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ
မင်းအောင်လှိုင်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်
No comments:
Post a Comment