Friday, August 8, 2025

နောင်ချိုမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ



နေပြည်တော် ဩဂုတ် ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်း ဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၆ ကျောင်းအထိ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပြီး ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသဖြင့် ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၄၀၈ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိသည်။

ထို့အပြင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ ဆေးရုံကြီးအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဩဂုတ် ၂ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်း သားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာ စုစုပေါင်း ၄၈ ဦးတို့ကို ငှက်ဖျား ရောဂါ၊ တုပ်ကွေးရောဂါ၊ အထွေ ထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးပြီး အတွင်းလူနာအဖြစ် အမျိုးသား ၂၀၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၃၁ ဦး တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိရာ ဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment