ဒေါက်တာဇေယျာဝင်း
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆရာဝန်သစ်လွင်နဲ့ သွားနဲ့ ခံတွင်းဆရာဝန်သစ်လွင်တွေကို နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိတွေအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို
နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဂုဏ်ပြုတက်ရောက်ချီးမြှင့်ပြီး လမ်းညွှန်အမှာစကားပြောကြားပေးခဲ့တာဖြစ်လို့
ကျန်းမာရေးကဏ္ဍအတွက် အလွန်ပဲထူးခြားတဲ့၊ သမိုင်းတွင်ခဲ့တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအတွက် အားသစ်လောင်းပေးတဲ့အခိုက်အတန့်သာမက နိုင်ငံတော်နဲ့
ပြည်သူအပေါင်းတို့အတွက်လည်း အလွန်အရေးပါတဲ့ နေ့ရက်တစ်ရက်ဖြစ်ပါတယ်။ ကရုဏာ၊ တာဝန်သိမှုနဲ့
သိပ္ပံနည်းကျ ကျွမ်းကျင်မှု ဆိုတဲ့ မီးရှူးတန်ဆောင်ကို စွမ်းရည်ပြည့်ဝတဲ့ အသစ်ခန့်
ပြန်တမ်းဝင်အရာရှိ ဆရာဝန် (သစ်လွင်) တို့ရဲ့လက်တွေထဲ လွှဲပြောင်းပေးအပ်ခဲ့တဲ့နေ့လည်း
ဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံတော်တည်ဆောက်ရေးအတွက်
ကြီးမားတဲ့ အကျိုးရလဒ်တစ်ခုလည်းဖြစ်ပါတယ်။
ဆရာဝန်ဆိုတာ
ဆရာဝန်သစ်လွင်တွေကို
“သူရဲကောင်းတွေ” လို့ တင်စားဂုဏ်ပြုလိုပါတယ်။ ဆရာဝန်ဆိုတာ တစ်ခါတစ်ရံ လူနာကို ပျောက်ကင်းအောင်ကုသပေးနိုင်မယ်၊
တစ်ခါတစ်ရံမှာ နာကျင်မှုကိုသက်သာ အောင်လုပ်နိုင်မယ်၊ ဒါပေမယ့် ဆရာဝန်ဖြစ်ရခြင်း အနုပညာဆိုတာဟာ
နှစ်သိမ့်ပေးနိုင်စွမ်းပဲဖြစ်ပါ တယ်။ ဆရာဝန်တစ်ယောက်ဆိုတာ ဂုဏ်ပုဒ်တစ်ခုထက်ပိုပါတယ်။
ဆရာဝန်တွေဟာ လူ့အသက်တွေရဲ့
စောင့်ရှောက်သူ၊ နာကျင်မှုတွေကို သက်သာပျောက် ကင်းစေသူ၊ ဝေဒနာခံစားနေရသူတွေအတွက် မျှော်လင့်ချက်ရဲ့သင်္ကေတတွေဖြစ်ပါတယ်။
ဆရာဝန်တစ်ဦးအနေနဲ့ ရှေ့ဆက်လျှောက်ရမယ့်ခရီးလမ်းဟာ အမြဲတမ်းချောမွေ့နေမှာတော့ မဟုတ်ပါဘူး။
အိပ်ရေးပျက်တဲ့ညတွေရှိမယ်၊ ကိုယ့်ကိုယ်ကိုယ် သံသယဝင်စရာအချိန်တွေရှိမယ်၊ ထမ်းထားရတဲ့
ကြီးလေးတဲ့တာဝန်တွေကို လေးလံသလိုခံစားရတဲ့ အခိုက်အတန့်တွေလည်းရှိလာ မယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့တန်ဖိုးကို
သက်သောင့်သက်သာရှိပြီး အဆင်ပြေတဲ့အချိန်မှာ တိုင်းတာတာမဟုတ်ဘူး၊ ခက်ခဲတဲ့စိန်ခေါ်မှုတွေနဲ့
ကြုံတွေ့ရတဲ့အချိန်မှာ ဘယ်လိုရပ်တည် ကျော်ဖြတ်သလဲဆိုတဲ့အပေါ်မှာ တိုင်းတာတာသာဖြစ်တယ်။
ဆရာဝန်သစ်လွင်တွေဟာ သတ္တိနဲ့ ရပ်တည်မယ်၊ ရိုးသားမှုနဲ့ ရှင်သန်ကြီးထွားပြီး ကရုဏာတရားနဲ့
ဦးဆောင်နိုင်မယ်ဆိုတာကို ကျွန်တော်တို့အားလုံးက အပြည့်အဝယုံကြည်နေကြပါတယ်။
အစဉ်အလာ
လွတ်လပ်ရေးရချိန်ကတည်းက
ကျန်းမာရေးဝန်ကြီးဌာနဟာ မြို့ကြီးတွေမှာရှိတဲ့ ဆေးရုံကြီး တွေကနေ ကျေးလက်ဒေသက ရွေ့လျားဆေးခန်း
တွေအထိ ပြည်သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက် မှုကိုမြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ခေတ်အဆက်ဆက် နိုင်ငံတော်ရဲ့မူဝါဒတွေကို ကျန်းမာရေးဝန်ကြီး ဌာနက လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူလျက်
ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် ပခုံးပြောင်းတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။
ဆရာဝန်မျိုးဆက်တွေဟာ ဒီတာဝန်ကို အခက်အခဲတွေကြားက လူသားချင်းစာနာမှုနဲ့ ဇွဲမလျှော့ဘဲ
ဆက်လက်ထမ်းဆောင်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ ဒီတာဝန်ဟာ ဆရာဝန်သစ်လွင်တို့ လက်ထဲကို ရောက်ရှိလာပါပြီ။
၎င်းတို့ဟာ ဒီသမိုင်းထဲကို နောက်ထပ်စာမျက်နှာအသစ်၊ အခန်းအသစ် တစ်ခုကို ရေးသားမယ့်သူတွေအနေနဲ့
ဝင်ရောက် လာပါပြီ။
နိုင်ငံတော်၊
ပြည်သူတို့နှင့်အတူ
သစ်လွင်ဆရာဝန်တွေအနေနဲ့
အဖြူရောင်ဂျူတီကုတ်ကို ဝတ်ဆင်တဲ့အချိန်မှာ ဒါဟာဝတ်စုံ မဟုတ်ဘူး၊ ကတိသစ္စာတွေဖြစ်တယ်ဆိုတာ
သတိပြုစေလိုပါတယ်။ ဘယ်လိုကတိတွေလဲ ဆိုတော့ လူတိုင်းကို ဂုဏ်သိက္ခာနဲ့ ကြင်နာစွာ ဆက်ဆံဖို့ကတိ၊
သိပ္ပံနည်းကျမှုနဲ့ ကျင့်ဝတ်ကို ဘယ်သူမှမမြင်နိုင်တဲ့ ဆိတ်ကွယ်ရာမှာတောင် ထိန်းသိမ်းဖို့ကတိ၊
စဉ်ဆက်မပြတ်သင်ယူပြီး နှိမ့်ချစွာ ဝန်ဆောင်မှုပေးဖို့ကတိ စတာတွေဖြစ်ပါတယ်။ နိုင်ငံတော်နဲ့
ပြည်သူတွေက ဆရာဝန်တွေအပေါ်မှာ အားကိုးနေပါတယ်၊ ယုံကြည်မျှော်လင့်နေပါတယ်၊ ဒါကြောင့်
သစ်လွင်ဆရာဝန်တို့အနေနဲ့ ဒီလမ်းခရီးကို တစ်ယောက်တည်း လျှောက်လှမ်း ရမှာ မဟုတ်ပါဘူး။
နိုင်ငံတော်၊ ပြည်သူတို့နဲ့အတူ လျှောက်လှမ်းကြရမှာပါ။ နိုင်ငံတော်နဲ့ ပြည်သူတွေအနေနဲ့လည်း
ကျန်းမာရေးဝန်ထမ်းတွေရဲ့ တာဝန် ထမ်းဆောင်မှုကို အထူးပဲအသိအမှတ်ပြုကျေးဇူးတင်နေမှာမလွဲပါဘူး။
ကွက်လပ်များဖြည့်ဆည်းခြင်း
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့
၂၀၂၁ ခုနှစ် နောက်ပိုင်း အကြောင်းပြချက်အမျိုးမျိုးနဲ့ ပြည်သူ့ ဆေးရုံတွေကို စွန့်ခွာသွားခဲ့ကြတဲ့
ကျန်းမာရေးဝန်ထမ်းတွေကြောင့် ပြည်သူလူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေမှာ ဝန်နဲ့အားမမျှတဲ့အခြေအနေမျိုး
ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါကြောင့် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု လစ်ဟာသွားတဲ့နေရာတွေမှာ
အမြန်ဖြည့်ဆည်းနိုင်ရေး အတွက် ဆေးနဲ့ ဆေးနှီးနွှယ်တက္ကသိုလ်တွေကနေ ဘွဲ့ရရှိသူတွေကို
သင်တန်းပြီးဆုံးတာနဲ့ ချက်ချင်း လုပ်ငန်းခွင်ဝင်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ
ဆောင်ရွက်ခဲ့ကြရပါတယ်။
ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကို
တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်စေဖို့ နိုင်ငံတော်အကြီးအကဲရဲ့ ‘ဆေးရုံတိုင်း
ဆရာဝန် ရှိရမည်’ ဆိုတဲ့လမ်းညွှန်ချက်ကို ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
ယခင်နှစ်တွေက နိုင်ငံ့ဝန်ထမ်း အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာဝန်တွေအနေနဲ့ ထိုက်သင့်တဲ့ဆေးကုသမှု
အတွေ့အကြုံကို လေ့လာသင်ယူပြီးတဲ့နောက်မှာ နယ်မြို့တွေမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေဆီ
ပြောင်းရွှေ့တာဝန်ချထားပေးလျက်ရှိတာကိုလည်း ကြားသိရပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍမှာ
လိုအပ်နေတဲ့နေရာ ကို တစ်ဖက်တစ်လမ်းကနေ ကွက်လပ်ဖြည့်ဆည်း ဆောင်ရွက်နိုင်ကြတာဖြစ်လို့
ဂုဏ်ယူဝမ်းသာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။
နိုင်ငံတော်စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်စေရေး
နိုင်ငံတစ်နိုင်ငံရဲ့
အနာဂတ်ဟာ ကျန်းမာကြံ့ခိုင်တဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် မှာ တည်ရှိတာနဲ့အညီ
နိုင်ငံတော်အကြီးအကဲက “ကျန်းမာမှ ပညာသင်ကြားနိုင်မည်” “ကျန်းမာမှ အလုပ်လုပ်နိုင်မည်”
“လူ့အသက်ထက် အရေးကြီး တာမရှိ” ဆိုပြီး လမ်းညွှန်မှာကြားကာ အကောင် အထည်ဖော်ဆောင်ရွက်ကြဖို့
အကြံပြုတိုက်တွန်း ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ ဒီလမ်းညွှန်ချက်တွေကို လိုက်နာအကောင်အထည်ဖော်ဆောင်လျက်
နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေးကဏ္ဍမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပြီး ဟန်ချက်ညီညီ
ရှေ့သို့ ချီတက်နေကြတာကို ဂုဏ်ယူဖွယ် မြင်တွေ့ရပါတယ်။
နိုင်ငံတော်အနေနဲ့
ကျန်းမာရေးဝန်ထမ်းတွေ အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ဖို့ အတွက် ဝန်ထမ်းအိမ်ရာတွေ
တိုးချဲ့ဆောက်လုပ်ပေးနေတဲ့အပြင် ချီးမြှင့်ငွေနဲ့ စရိတ်မျိုးစုံကို ခံစားခွင့် ရရှိစေဖို့ကိုလည်း
စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သစ်လွင်ဆရာဝန်တွေရဲ့ ပညာဖွံ့ဖြိုး တိုးတက်မှုအတွက်
အဆင့်မြင့်လေ့ကျင့်သင်ကြားမှုတွေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ခေတ်မီဆေးဘက်ဆိုင်ရာ
ပစ္စည်းကိရိယာတွေကိုလည်း နိုင်ငံတော်အနေနဲ့ ပံ့ပိုးပေးနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာကို
ပညာသင်စေလွှတ်နိုင်မှု အနေနဲ့ ၂၀၂၁ ခုနှစ်ကနေ အခုအချိန်အထိ ဘွဲ့လွန် သင်တန်းသား ၃၁၈
ဦး စေလွှတ်နိုင်ခဲ့တဲ့အပြင် နိုင်ငံတကာကွန်ဖရင့်တွေ၊ ဆွေးနွေးပွဲတွေကို ၁၉၅၇ ဦးအထိ
စေလွှတ်နိုင်ခဲ့တာ တွေ့ရှိရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်း
တိုးတက်မှုဟာ နိုင်ငံတော်နဲ့ ပြည်သူရဲ့ အောင်မြင်မှု ပဲဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့
လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို ဓနအင်အားတွေ၊ လက်နက်တွေနဲ့ တိုင်းတာတာမဟုတ်ဘဲ
ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာတတ်မြောက်မှု၊ ပျော်ရွှင်မှု သုခတို့နဲ့ တိုင်းတာပါတယ်။
ဒါကြောင့် ကျန်းမာရေးဝန်ထမ်း တွေရဲ့ ဝန်ဆောင်မှုဟာ နိုင်ငံတည်ဆောက်ရေး ဖြစ်ပါတယ်။ သူတို့ရဲ့လက်တွေနဲ့
နိုင်ငံတော်ကို တည်ဆောက်နေတာဖြစ်ပါတယ်။
ယုံကြည်မျှော်လင့်မှုများ
သစ်လွင်ဆရာဝန်တို့အနေနဲ့ဆူညံပြီးစည်ကားတဲ့
မြို့ကြီးပြကြီးက ဆေးရုံကြီးတစ်ခုမှာ တာဝန်ကျ တာဖြစ်ဖြစ်၊ ကျေးလက်ဒေသက ဆေးခန်းလေးတစ်ခုမှာ
တာဝန်ကျတာဖြစ်ဖြစ် မိမိတို့ကုသပေးတဲ့ လူနာတိုင်းဟာ နိုင်ငံတိုးတက်မှုရဲ့ အစိတ်အပိုင်း
တစ်ခုပဲ ဖြစ်တယ်ဆိုတာကို သတိပြုမိစေချင်ပါ တယ်။ နှလုံးသားတွေကြည်လင်ပြီး စေတနာပြည့်ဝ
ကာ မိမိတို့ရဲ့ကျွမ်းကျင်မှုတွေ၊ တာဝန်သိမှုတွေနဲ့ အတူ ပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ
ပေးအပ်နိုင်လိမ့်မယ်လို့လည်း အပြည့်အဝယုံကြည်ပါတယ်။ ပြည်သူတွေရဲ့ ကျေးဇူးတင်မှု၊ ယုံကြည်မှုနဲ့
မေတ္တာတရားတွေဟာ အကြီးမားဆုံးသော ဆုလာဘ်ပဲဖြစ်ပါတယ်။
ဆေးပညာရဲ့ အလင်းရောင်သဖွယ်ဖြစ်တဲ့
မိမိတို့ရဲ့ ကုသပေးနိုင်မှုဟာ လူများစွာရဲ့ဘဝ ကို ပြောင်းလဲနိုင်တယ်ဆိုတာကိုလည်း အမြဲနှလုံးသွင်းစေချင်ပါတယ်။
အဖြူရောင်ဂျူတီကုတ်ကို လူနာတွေ အားကိုးယုံကြည်ရတဲ့ သမားဂုဏ်အပြည့်နဲ့ ဝတ်ဆင်နိုင်ကြဖို့ကိုလည်း
မျှော်လင့် ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်
နိုင်ငံ့ဝန်ထမ်းဆရာဝန် တွေအနေနဲ့ မိမိတို့ရဲ့သက်မွေးမှုပညာနဲ့ နိုင်ငံတော် က ပေးအပ်လာတဲ့တာဝန်တွေကို
ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ့ဝန်ထမ်း ဆရာဝန် တစ်ဦးရဲ့ အောင်မြင်တဲ့ဘဝကို
တည်ဆောက်နိုင်ကြပါစေကြောင်းနဲ့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုစနစ်တစ်ရပ်
ဖြစ်ပေါ်လာစေဖို့အတွက် မွန်မြတ်စိတ်ထား မေတ္တာတရားအပြည့်နဲ့ ဝိုင်းဝန်းကြိုးပမ်းရွက်ဆောင်နိုင်သူများ
ဖြစ်လာကြမယ်လို့ ခိုင်မာစွာယုံကြည်ပါကြောင်း ဂုဏ်ပြု ရေးသားလိုက်ရပါတယ်။ ။
No comments:
Post a Comment