လွိုင်ကော် ဇူလိုင် ၁၈
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇူလိုင် ၁၄ ရက်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်းသင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီကျင်းပပြုလုပ်မယ့်
ရွေးကောက်ပွဲသည် နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြု၍
ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လွယ်ကူလျင်မြန်သက်သာစွာ
ဆန္ဒမဲပေးနိုင်ရေး၊ မဲရလဒ်များကို တိကျမှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေး ကမ္ဘာ့နိုင်ငံများနည်းတူ
အီလက်ထရောနစ်မဲပေးစက်စနစ်ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်မည့် ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးစက်များကို လက်တွေ့ကိုင်တွယ်အသုံးပြုရမည်ဖြစ်၍ စာတွေ့၊ လက်တွေ့သင်ခန်းစာများကို အလေးထားသင်ယူကြရန်လိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို
စောင့်သိရိုသေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေက
အထောက်အကူပြုနိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက လက်ခံရယူပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အသုံးပြုပုံနည်းစနစ်များ၊ မဲပေးစက်အသုံးပြုခြင်း အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်ကြမည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား လွိုင်ကော်မြို့နယ်ခန်းမ၌ MEVM အသုံးပြုပုံများကို ပြည်နယ်ရွေးကောက်ပွဲအရာရှိက လက်တွေ့သရုပ်ပြရှင်းလင်းတင်ပြခဲ့ပြီး MEVM အသုံးပြုနည်းသင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ လက်တွေ့ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ယခု သင်တန်းအား ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများကို ပထမနှင့် ဒုတိယအကြိမ်တွင် သင်တန်းသား(၁၅၀)ဦးစီဖြင့်လည်းကောင်း၊ တတိယအကြိမ်တွင် သင်တန်းသား (၁၃၀) ဦးဖြင့်လည်းကောင်း ဝန်ထမ်း(၄၃၀)ဦးတို့အား (၃)ကြိမ်ခွဲ၍ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment