လွိုင်ကော် ဇူလိုင် ၁၈
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်က လွိုင်ကော်-မိုးဗြဲလမ်းတစ်လျှောက် ပြည်နယ်ဧရိယာအတွင်းရှိ ကယန်းသာယာ၊ ထီရိ၊ ကုန်းသာ၊ ဆောင်ကန်း၊ ဝါရီကောခူ၊ ပီကင်းကောခူကျေးရွာများတွင် ပြည်သူများအား စနစ်တကျပြန်လည်နေရာချထားနိုင်ရေးနှင့် လွိုင်ကော်-မိုးဗြဲ-ပင်လောင်းလမ်းပိုင်းတွင် ခရီးသည် တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ အသုံးပြုသွားလာနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်-မိုးဗြဲ-ပင်လောင်းလမ်းပိုင်း မိုင်တိုင် (၈၈/၄)တွင် ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ကတ္တရာကွန်ကရစ်လမ်းအား ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်နိမိတ်သို့ ရောက်ရှိကာ လမ်းဘေးဝဲ/ယာတစ်လျှောက် လူအင်အား၊ စက်ယန္တရားများဖြင့် ချုံနွယ်များ ရှင်းလင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းအမြန်ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ရှင်းလင်းရန် ကျန်ရှိသည့် နေရာများအား အမြန်ဆုံးဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲလက်ဝဲမြောင်းမကြီး ပြန်လည်ပြုပြင်၍ အဆိုပါဒေသရှိ လယ်မြေများတွင် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အ.ထ.က (ကုန်းသာ) နှင့် အ.ထ.က(ခွဲ) (ဝါရီကောခူ)ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်များ ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရေး၊ ဘုန်းတော်ကြီးကျောင်းများတွင် ပြန်လည်သီတင်းသုံးနိုင်ရေး ဆောင်ရွက်ပေးရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါကျေးရွာများတွင် ပြည်သူများအား စနစ်တကျပြန်လည်နေရာချထားပေးနိုင်ရေးနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်းများ၊ ပုဂ္ဂလိကဆန်စက်၊ ဆီစက်လုပ်ငန်းများ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးတာဝန်ရှိသူများမှ အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ထို့နောက် ၃၃/ ၁၁ ကေဗွီ ၅ အမ်ဗွီအေ ကယန်းသာယာဓာတ်အားခွဲရုံသို့ ရောက်ရှိကာ ဓာတ်အားခွဲရုံ အမြန်ပြန်လည်ပြုပြင်ပြီး လွိုင်ကော်စက်မှုဇုန်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ဓာတ်အားများ ပို့လွှတ်နိုင်ရေးနှင့် ဘီလူးချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပို့လွှတ်နိုင်ရေး လွိုင်ကော်-မိုးဗြဲ-ပင်လောင်းလမ်းတစ်လျှောက် မဟာဓာတ်အားလိုင်းများ အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အခြေအနေများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် နွားလဝိုးကျေးလက်ကျန်းမာရေးဌာနခွဲသို့ ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်
စပ်လျဉ်း၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ခရီးသွားနှင့် ကုန်စည်ပို့ဆောင်ရေးအတွက် စက်သုံးဆီလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ရန် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းရှိ စက်သုံးဆီအရောင်းဆိုင်များ အမြန်ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် လက်ရှိဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်အချိန်အတွယ်ပြည့်မီရေးနှင့် ဈေးနှုန်းကြီးမြှင့်ရောင်းချမှု မရှိစေရေးကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment