Wednesday, July 16, 2025

၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာသီအလိုက်စိုက်ပျိုးထုတ်လုပ် မှုနှင့် သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေးပြိုင်ပွဲများတွင် ဆုရရှိသည့် ခရိုင်/မြို့နယ်တောင်သူများအား ဆုချီးမြှင့်သည့်အခမ်းအနား ကျင်းပ

အင်းစိန် ဇူလိုင် ၁၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေးပြိုင်ပွဲများတွင် ဆုရရှိသည့် ခရိုင်/မြို့နယ်တောင်သူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တောင်သူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားရာ တိုးတက်လာသည့်လူဦးရေ၏ စားရေရိက္ခာဖြည့်တင်းရန် စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက်ပိုမိုတိုးတက် ထုတ်လုပ်လာရန်လိုအပ်ပြီး အဓိကသီနှံများဖြစ်သည့် ဆန်၊ ဆီ၊ ပဲ ဖူလုံအောင် လယ်ယာမြေများတွင် တစ်သီးထဲစိုက်ပျိုးနေရာမှ နှစ်သီး၊ သုံးသီးအထိ နေရာလပ်မကျန် စိုက်ပျိုးသွားကြရန်လိုအပ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် သီးနှံအထွက်နှုန်းတိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဒေသနှင့်ကိုက်ညီသည့်သီးနှံများကို သီးထပ်အပြည့်အဝ စိုက်ပျိုးသွားနိုင်ရေး တစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးတက်လာစေရေး တောင်သူများအနေဖြင့် မြို့နယ်/ခရိုင်အဆင့်အလိုက် အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရန်စသည်တို့ကို ပြောကြား သည်။

ထို့နောက် နွေးစပါးသီးနှံစိုက်ပျိုးထုတ်လုပ်မှုဆုများဖြစ်သော ပထမဆုအားလှည်းကူးမြိုနယ်မှ တောင်သူဦးချစ်ဟန်၊ ဒုတိယဆုအားမှော်ဘီမြို့နယ်မှ တောင်သူဦးမြင့်ဦး၊ တတိယဆုအား ကွမ်းခြံကုန်းမြို့နယ်မှ တောင်သူဦးစံထွန်းနှင့် အထူးဆုအားကွမ်းခြံကုန်းမြို့နယ်မှ တောင်သူဦးခင်မောင်အေးတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း၊ အထူးဆုများအား ဒလမြို့နယ်မှ တောင်သူဦးထွန်းထွန်းဝင်း၊ သန်လျင်မြို့နယ်မှ တောင်သူဦးကျော်ဝင်းနိုင်နှင့် ကွမ်းခြံကုန်းမြို့နယ်မှ တောင်သူဦးမြင့်ဦးတို့အား ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်ကလည်းကောင်း ဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ နွေးစပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆု၊ ပဲတီစိမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆု၊ မြေပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆု၊ နွေစပါးသီးနှံ ဧက(၁၀၀)စံပြကွက် စိုက်ပျိုးထုတ်လုပ်မှုဆု၊ ပဲတီစိမ်းသီးနှံ ဧက(၁၀၀)စံပြကွက် စိုက်ပျိုးထုတ်လုပ်မှုဆု၊ သီးနှံစိုက်စွမ်းအားတိုးတက်ထုတ်လုပ်မှု မြို့နယ်ဆု၊ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ အချိန်စေ့လွန် ကြွေးကျန်(NPL) တစ်နိုင်ငံလုံး ကောက်ခံ ရရှိမှု အကောင်းဆုံးခရိုင်ဆု၊ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ အချိန်စေ့လွန် ကြွေးကျန် (NPL) တစ်နိုင်ငံလုံးကောက်ခံရရှိမှု အကောင်းဆုံးမြို့နယ်ဆုများရရှိခဲ့ကြသည့် ခရိုင်/မြို့နယ်များမှ တောင်သူများနှင့်တာဝန်ရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဆုရရှိခဲ့ကြသော ခရိုင်/မြို့နယ်များမှ တောင်သူများနှင့်တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments:

Post a Comment