Wednesday, July 16, 2025

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၁

ကျောင်းသား၊ ကျောင်းသူများ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက နည်းစနစ်တကျ တုန့်ပြန်ကာကွယ်ခြင်းဖြင့် အသက်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။




ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦး‌‌ေအာင်ကြည်သိန်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မွန်ပြည်နယ်အတွင်း အသိပညာပေးဟောပြောပွဲ၊ ဇာတ်တိုက်လေ့ကျင့်မှု၊ Talk Show အပါအဝင် စုစုပေါင်း (၁၁) ကြိမ် ပြုလုပ်ရန် လမ်းညွှန်မှုအရ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီအနေအထားအရ မီးဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးစတဲ့ ဘေးအန္တရာယ်အမျိုးမျိုးရဲ့ စိန်ခေါ်မှုများလည်း တဖြည်းဖြည်း ကြီးမားလာတာကို တွေ့ရှိရကြောင်း၊ ဘေးမဖြစ်ပွားမီအဆင့်၊ ဒုတိယအဆင့် ဘေးဖြစ်ပွားစဉ် အရေးပေါ်အခြေအနေ၊ နောက်ဆုံးအဆင့်ဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပြည်သူလူထုအနေဖြင့် နဂိုမူလအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်ဖို့အတွက် ထိရောက်ပြီး စနစ်ကျသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနည်းလမ်းများကို လိုက်နာဆောင်ရွက်ရမှာဖြစ် ကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများရရှိပြီး ငလျင်ဘေးအန္တရာယ်နဲ့ ကြုံတွေ့လာပါက ထိရောက်စွာ အသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းဌေးအောင်က ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း‌ပြောကြားပြီး မွန်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူစိုးက ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ ငလျင်လှုပ်နေချိန်နှင့် လှုပ်ပြီးချိန်များတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြော၍ လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)

No comments:

Post a Comment