Tuesday, July 22, 2025

အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပ



ရန်ကုန် ဇူလိုင် ၂၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၊ သင်ကြားဆရာတော်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာတော်များ၊ သင်ကြားသီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ပနိုင်ငံများမှ သံအမတ်ကြီးများ၊ အတွင်းဝန်များနှင့် သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ ဘွဲ့ရသင်တန်းသားများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သာရဏီယအဖွင့်သြဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူပြီး ဒုတိယပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနောဓိဉာဏကဥက္ကဋ္ဌဆရာတော်၏ ဩဝါဒကထာကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဂုဏ်ယူဝမ်းမြောက်စကားလျှောက်ထားကြပြီး ပါမောက္ခချုပ်ဆရာတော်က ဘွဲ့ရကျောင်းသားများကို တက္ကသိုလ်အဓိဋ္ဌာန်အမေး၊ အဖြေပြု၍ သင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၉၁ ပါး / ဦးတို့ကို သက်ဆိုင်ရာဘွဲ့နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းတော်မူသည်။

ယင်းနောက် ဝိဇ္ဇာဘွဲ့ (ဗုဒ္ဓဓမ္မ) တန်းမှ ပညာရည်ချွန်ထူးချွန်ဆုရရှိသော (Gold Medallist) ထူးချွန် ရွှေတံဆိပ်ဆုရှင် ဗီယက်နမ် (သီလရှင်) Nguyen Anh Tuyet အား ပါမောက္ခချုပ်ဆရာတော်က ချီးမြှင့်သည့် ရွှေစင်ရွှေပြားဆုတံဆိပ်ကို ပါမောက္ခ ချုပ်ဆရာတော်ကိုယ်စား ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် သံအမတ်ကြီးများကို ဒုတိယပါမောက္ခချုပ် (စီမံ) က အမှတ်တရ ဂုဏ်ပြုတံဆိပ်များ ပေးအပ်သည်။

ဆက်လက်၍ ဘွဲ့ရ (ပြည်ပ) သင်တန်းသား၊ သင်တန်းသူများ၏ နိုင်ငံများမှ သံအမတ်ကြီးများ ကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskanber Azizov က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပါမောက္ခချုပ် ဆရာတော်က ဘွဲ့မှတ်တမ်းမော်ကွန်းစာအုပ်တွင် မော်ကွန်းတင်လက်မှတ်ရေးထိုး၍ ဘွဲ့ရကျောင်းသားများကို ဆုံးမသြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူသည်။

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်ပနိုင်ငံများနှင့် ပြည်တွင်းမှ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်သင်ကြားလျက်ရှိကာ ယနေ့အချိန်အထိ တက္ကသိုလ်သို့ တက်ရောက်အောင်မြင်ခဲ့သော ပြည်တွင်း ပြည်ပသင်တန်းသားများမှ ပါရဂူဘွဲ့ရရှိသူ ၅၅ ပါး / ဦး၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူ ၂၇၃ ပါး/ ဦး၊ ဝိဇ္ဇာဘွဲ့ ရရှိသူ ၉၃၇ ပါး / ဦး၊ ဒီပလိုမာအောင်လက်မှတ်ရရှိသူ ၁၄၂၁ ပါး / ဦး စုစုပေါင်း ၂၆၈၆ ပါး / ဦး မွေးထုတ် ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပြည်တွင်း၊ ပြည်ပ သင်တန်းသား စုစုပေါင်း ၄၀၈ ပါး / ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည်။

မြန်မာနိုင်ငံ၌ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာကို ပြည်တွင်း၌သာမက ပြည်ပမှပါ မည်သူမဆို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်စေရန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးကို ဖွင့်လှစ်လျက်ရှိကာ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာနှင့် ပါဠိဘာသာရပ်များအပြင် သမထနှင့် ဝိပဿနာဟူသော ဗုဒ္ဓဓမ္မကျင့်စဉ်များကိုပါ တက္ကသိုလ်အနေဖြင့် လက်တွေ့ကျကျ သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment