Tuesday, July 22, 2025

ဇေယျာသီရိမြို့နယ် မပိုက်ကယ်ရိုး ရေနုတ်မြောင်းတူးဖော်မှုနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘောလုံးကွင်းအဆင့်မြှင့်တင်မှုများ ကွင်းဆင်းစစ်ဆေး



နေပြည်တော် ဇူလိုင် ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်-၂၂၅/၀ မှ ၂၂၅/၄ ကြား လမ်းနယ်အတွင်း ဝင်ရောက်နေသော သစ်တပ်ကျေးရွာအနီးရှိ မပိုက်ကယ်ရိုးရေနုတ်မြောင်းအား လမ်း၏ အရှေ့ဘက်ခြမ်းတွင် စနစ်တကျအသစ်တူးဖော်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများကို ဒေသရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း သတ်မှတ်ကာလပြီးစီးရန် မြေတူးဖော်ဆောင်ရွက်ရာတွင် လမ်းနယ်အတိုင်းအတာများ ပေးထားပြီး စနစ်တကျ ဆောင်ရွက်ရန်နှင့် ပထမဆုံးရေဝပ်ဧရိယာများ၊ ချုံ၊ ဗေဒါပင်များကြောင့် ရေစီးဆင်းမှုနည်းနေသည့် နေရာများကို ရေစီးရေလာကောင်းမွန်ရေး ဦးစားပေးဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ရေဆင်းဧရိယာ ၁ ဒသမ ၆၇ စတုရန်းမိုင်ရှိ မပိုက်ကယ်ရိုးရေနုတ်မြောင်းသည် ကျောက်အိုးချောင်း၊ ဆတ်သွားချောင်းများမှ ရေပိုရေလျှံများ၊ စိုက်ခင်းများမှ စွန့်ထုတ်ရေများ စီးဆင်းသော ရိုးတစ်ခုဖြစ်ပြီး ကျွန်းရောင်း-အိုင်စောက်- ပေါင်းလောင်း ရေနုတ်မြောင်းမှတစ်ဆင့် ပေါင်းလောင်းမြစ်အတွင်းသို့ ပုံမှန်စီးဝင်လျက်ရှိသော်လည်း ထူးကဲမိုးရွာသွန်းသည့် ကာလများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ရန်ကုန်- မန္တလေးလမ်းဟောင်း၏ အရှေ့ဘက်ခြမ်းတွင်ပါ ရေထုတ်မြောင်းတူးဖော်ဖောက်လုပ်နေခြင်းဖြစ်ကာ မြေသားရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အလျားပေ ၃၈၉၀၊ မြေကြီးလုပ်ငန်း ၃၄၅၂ ကျင်းကို မိုးရာသီအတွင်းအပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေးတက္ကသိုလ် ဘောလုံးကွင်းအဆင့်မြှင့်တင်ရေးဆောင်ရွက်မည့် ပွဲကြည့်စင်တည်ဆောက်ရေးနှင့် လမ်းဖောက်လုပ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment