နေပြည်တော် ဧပြီ ၂၅
နဝမအကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှု (ပထမနေ့)ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀) အထူးကုသမှုစင်တာ၌ပြုလုပ်ရာ အဆိုပါအသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာဖြစ်သူ ဒေါ်ခင်ဦးကြည်နှင့် အသည်းအလှူရှင် ဒေါ်မျိုးမျိုးမြတ်တို့ကို ခွဲစိတ်ကုသခြင်းဖြစ်သည်။
အသည်းအစားထိုး
ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်ထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉
နာရီအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၃ နာရီခွဲခန့်တွင်
အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ
စုစုပေါင်းခွဲစိတ်ချိန် ၉ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
အသည်းအလှူရှင်နှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း
ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော
ပြုစုကုသမှုများကို သက်ဆိုင်ရာ ပါရဂူများ၊ ဆေးမှူးများနှင့်
သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ
အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး
ခွဲစိတ်ကုသမှုများကို ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်တွင်
ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈
ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့်
အောင်မြင်စွာခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့ပြီး အသည်းအစားထိုးခွဲစိတ်ကုသမှုအား
ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ
၉ ဦး၊ ၂၀၂၄ ခုနှစ်အတွင်း အသည်းအစားထိုးခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦးနှင့် ၂၀၂၅
ခုနှစ်အတွင်း လူနာ ၃ ဦးတို့အား အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယခု နဝမအကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုကို လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment