နေပြည်တော် ဧပြီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ
တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို
ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့်
ပြစ်မှုကျူးလွန်ခြင်းမရှိသော မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊
ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊
ချမ်းအေးသာစံမြို့နယ်၊ စဥ့်ကူးမြို့နယ်၊ တံတားဦးမြို့နယ်၊ မိုးကုတ်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊
သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မုံရွာမြို့နယ်၊
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ နောင်ချိုမြို့နယ်နှင့်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်တို့မှ PDF အဖွဲ့ဝင်
အမျိုးသား ၃၀ ဦးနှင့် အမျိုးသမီး ၂ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် Type-81
အမျိုးအစား သေနတ် ၅လက်၊ ၎င်းကျည်အိမ် ၁၃ ခု၊ ကျည် ၉၀၀ တောင့်နှင့်
လက်ပစ်ဗုံး ၅ လုံးတို့ကို အပ်နှံကြရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ယင်းနောက်
တာဝန်ရှိသူများက သေနတ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် သေနတ် ၅
လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၅၀၊ လက်ပစ်ဗုံး ၅ လုံးအတွက် ကျပ် ၃ သိန်းနှင့်
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအတွက် ကျပ်သိန်း ၁၄၀ တို့ကို
ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများက လက်ခံရယူကြသည်။
၎င်းနောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား
ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့
လွှဲပြောင်းပေးအပ်သည်။
ထိုသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား
ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ
ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ
ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်
ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း
ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့
အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment