ရန်ကုန် မတ် ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး စေတီတော်၏ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်၊၊
ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စေတီတော်၏
မိုးကြိုးလွှဲကို မိုးတွင်းကာလမတိုင်မီ လျှပ်စစ်ပညာရှင်များနှင့် စစ်ဆေးဆောင်ရွက်သွားရန်၊
ရွှေစင်ရွှေပြားတပ်ဆင်မည့်နေရာများတွင် အင်္ဂတေကွာကျမှုများ ပြုပြင်ဆောင်ရွက်သွားရန်
မှာကြားသည်၊၊
ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းဆောင်ရွက်မှုတွင်
Gold Coating လဲလှယ်မှု ၁၀ လက်မပတ်လည် ရွှေချိန်တစ်ကျပ်သားတစ်ချပ်လျှင် ငွေကျပ်၂၅ သိန်းနှုန်းဖြင့်
ချပ်ရေတစ်သောင်းလှူဒါန်းရန် သတ်မှတ်ထားပြီး စေတီတော်အား ယနေ့အချိန်အထိ ချပ်ရေ ၇၉၄၀
ကပ်လှူထားရှိသည်၊၊ Gold Plate လဲလှယ်မှု ၁၀ လက်မပတ်လည် ရွှေချိန်ခြောက်ကျပ်သား တစ်ချပ်လျှင်
ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် ချပ်ရေ ၁၂၀၀ လှူဒါန်းရန် သတ်မှတ်ထားရှိပြီး ယနေ့အချိန်အထိ
ချပ်ရေ ၁၁၀၈ ချပ် လှူဒါန်းပြီးစီးခဲ့သည်၊၊ ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်
ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းများကို မတ်လအတွင်း ပြီးစီးအောင်ဆောင်ရွက်မည်ဖြစ်၍
စေတနာရှင်ပြည်သူများအနေဖြင့် ရွှေစင်ရွှေပြားများ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်၊၊
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက် ၉
နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်
ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၅)
သို့ တက်ရောက်သည်၊၊
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်
အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒကက အဖွင့်သြဝါဒကထာမြွက်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ
လျှောက်ထားပြီး တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်း အဝေး(၂/၂၀၂၄) ဆုံးဖြတ်ချက်များနှင့်
စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့ အစည်းအဝေး
(၁/၂၀၂၅) တင်ပြချက်များကိုလည်းကောင်း လျှောက်ထားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့်
ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး
(၁/၂၀၂၅)နှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက်(၇)ရပ်ကို ချမှတ်အတည်ပြုခဲ့ပြီး
သဘာပတိဆရာတော်က သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာစွမ်းအားများဖြင့် ဆောင်ရွက်ကြခြင်းသည်
ကုသိုလ်တရားပင်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြည်လင်သည့် စိတ်နှလုံးဖြင့်
ပြောဆိုဆောင်ရွက်ကြရကြောင်း၊ မိမိတို့ဆောင်ရွက်မှုများသည် အရိပ်ပမာအစဉ်လိုက်ပါသည့်အတွက်
အရိပ်နှင့်တူသောကုသိုလ်ရကြောင်း၊ ထိုကုသိုလ်စေတနာဖြင့် ဆောင်ရွက်နေကြသည့် အဖွဲ့များအနေဖြင့်
ရှေ့ဆက်ပြီး စေတနာအပြည့်ဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း နိဂုံးချုပ်သြဝါဒကထာ
မြွက်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆရာတော်၊ သံဃာတော်များအား
လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ပရိတ်တော်၊ ဒေသနာတော်၊ ပါဠိ-မြန်မာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment