နေပြည်တော် မတ် ၁
ပြင်ဦးလွင်ဒေသရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ(ပြင်ဦးလွင်)၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇန်နဝါရီ ၁၁
ရက်က ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် လမ်းညွှန်မှာကြားချက်များကို အကောင်အထည်ဖော်နိုင်ရန်
စက်မှုဝန်ကြီးဌာနအပြင် ဒေသဆိုင်ရာအာဏာပိုင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအားလုံး
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်း
ရေတို/ရေရှည်ခွဲခြားပြီး စောင့်ကြည့်ကြပ်မတ်ခြင်းများ ပုံမှန်ပြုလုပ်ပေးရန် လိုအပ်သည့်အတွက်
သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဌာနအလိုက်၊ လုပ်ငန်းများအလိုက်
ဆောင်ရွက်ပေးနေမှု၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို
ဆွေးနွေးတင်ပြပေးရန် ပြောကြားလိုကြောင်း၊ စုပေါင်းဆောင်ရွက်မှသာ လိုအပ်ချက်များကို
မြန်မြန်ဆန်ဆန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန်
တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်အတွင်း ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေအရ
အကြီးစားလုပ်ငန်း ၅၃ ခု၊ အလတ်စားလုပ်ငန်း ၆၄ ခုနှင့် အငယ်စားလုပ်ငန်း ၄၂ ခု စုစုပေါင်းလုပ်ငန်း
၁၅၉ ခုကို ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားနိုင်ခဲ့ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် အသေးစားစီးပွားရေးလုပ်ငန်း ၇၇ ခု၊ အလတ်စားစီးပွားရေးလုပ်ငန်း
၂၈ ခု စုစုပေါင်း ၁၀၅ ခုကို SME Member Card နှင့် ယာယီမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊
နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေကျပ် ၈ ဘီလီယံမှလည်း MSME နှင့် အခြားကဏ္ဍများမှ
လုပ်ငန်းရှင်ခြောက်ဦးကို ချေးငွေ ကျပ်သန်း ၂၃၁ ဒသမ ၀၃ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊
ပြင်ဦးလွင်ဒေသမှ ထွက်ရှိသော ကော်ဖီ၊ ဝိုင်နှင့် ယိုမျိုးစုံများသည် သန့်ရှင်းသပ်ရပ်ပြီး
ကျန်းမာရေးနှင့် ညီညွတ်အောင် ထုတ်လုပ်ထားသဖြင့် အရသာကောင်းမွန်ပြီး ဈေးကွက်လည်း ရရှိပြီးဖြစ်ကြောင်း၊
ပြည်တွင်းစားသုံးရန်သာမက ပြည်ပသို့ တင်ပို့နိုင်ရေး၊ ပြည်ပဈေးကွက် ပိုမိုထိုးဖောက်နိုင်ရေးအတွက်လည်း
ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် MSME လုပ်ငန်းရှင်များမှ
လုပ်ငန်းများ တိုးချဲ့နိုင်ရေးအတွက် စက်ပစ္စည်းများ ဝယ်ယူရန်၊ လုပ်ငန်းလည်ပတ်ရန်တို့အတွက်
ချေးငွေရရှိရေး၊ FDA အသိအမှတ်ပြု လက်မှတ်ရရှိရေး၊ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက်
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက
တင်ပြချက်များအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေတို့ကို ပြန်လည်ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ်အမှာစကားပြောကြား၍ ခင်းကျင်းပြသထားသည့် MSME ထုတ်ကုန်များကို အားပေးကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
Favourite ကော်ဖီထုတ်လုပ်ခြင်းလုပ်ငန်း၌ အရည်အသွေးထိန်းသိမ်းရေး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်
ကော်ဖီမှုန့်များ ထုတ်လုပ်နေမှုတို့ကို အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment