ပွင့်ဖြူ မတ် ၁
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်
ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်
ရည်ရွယ်ကာ ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါဝါသီးနှံစိုက်ခင်းများကို
ဒေသခံတောင်သူများက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ စတင်သိမ်းဆည်းခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်
သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း
ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဝါသီးနှံ စိုက်ခင်းများကို
ဒေသခံတောင်သူတွေက အထွက်နှုန်းလျော့နည်းမှု မဖြစ်စေရေးအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ
စတင်သိမ်းဆည်းခဲ့ပြီး ဖေဖော်ဝါရီလတွင် ရာနှုန်းပြည့် သိမ်းဆည်းပြီးစီးပြီဖြစ်ပါတယ်။
ဝါသီးနှံသိမ်းဆည်းခြင်းနဲ့ ပတ်သက်ပြီး တောင်သူတွေကို အချိန်မီရိတ်သိမ်းနည်းပညာနဲ့ သိမ်းဆည်းပြီးတဲ့
ဝါသီးနှံတွေအရည်အသွေးကောင်းမွန်အောင် စနစ်တကျ ထားသိုထိန်းသိမ်းတတ်စေဖို့ အသိပညာပေးတာတွေ
ကွင်းဆင်းဆောင်ရွက်ပေးပါတယ်။ ချည်မျှင်ရှည်ဝါသီးနှံက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက
မိုးဦးနဲ့မိုးနှောင်းမှာ အားထားစိုက်ပျိုးကြပါတယ်။ အခုနှစ်မှာ ဝါသီးနှံစိုက်ခင်းတွေက
ပိုးမွှားအန္တရာယ်ကင်းပြီး အောင်မြင်ဖြစ်ထွန်းမှုရှိကာ အရင်နှစ်ကထက် အထွက်နှုန်းတွေ
ကောင်းမွန်ခဲ့ပါတယ်။ တစ်ဧကကို ၅၃၁ ပိဿာထွက်ရှိပါတယ်”ဟု ပွင့်ဖြူမြို့နယ်
စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ချည်မျှင်ရှည်ဝါသီးနှံ
စိုက်ပျိုးတောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော ဝါသီးနှံများ
ထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ
စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံပိုးမွှားရောဂါကင်းရှင်းရေး
ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ စသည့်တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

No comments:
Post a Comment