Saturday, February 22, 2025

တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ လူမှုစီးပွားဖွံ့ဖြိုးရေးကိုဆောင်ကြဉ်းနိုင်

 


မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် စည်းလုံးညီညွတ်သည့် အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေထိုင်ခဲ့ပါသည်။ တိုင်းရင်းသားပြည်သူများမှာလည်း စိတ်အေးချမ်းသာစွာဖြင့် မရှိအတူ ရှိအတူ နေထိုင်ခဲ့ကြပါသည်။ သို့သော် နယ်ချဲ့လက်အောက်ကျရောက်စဉ်က သွေးခွဲအုပ်ချုပ်မှုစနစ်နှင့် လွတ်လပ်သောနိုင်ငံအဖြစ် ရောက်သည့်အခါ သွေးခွဲခြင်း၊ သွေးကွဲခြင်းဆိုးမွေများကို ခါးစည်းခံခဲ့ကြရသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် နိုင်ငံစည်းလုံးညီညွတ်မှု လျော့နည်းသည့်အခါကြုံတွေ့ရသည့် ဆိုးမွေများကို နားလည်သဘောပေါက်ပြီး စည်းလုံးညီညွတ်မှုပြန်လည် တည်ဆောက်ကာ အေးချမ်းသာယာစွာ နေထိုင်လျက်ရှိကြသည့် နိုင်ငံများ၏တိုးတက်မှုရလဒ်များမှာ အားကျစရာဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၇၀ ကျော် ၈၀ မျှ မငြိမ်းချမ်းမှု၊ မတည်ငြိမ်မှု ဆိုးမွေများကို သင်ခန်းစာယူသင့်ပြီဖြစ်သည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ တိုင်းပြည်သာယာဝပြောရေးအတွက် တိုင်းပြည်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွင် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် ပဓာနကျသကဲ့သို့ တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုအကျိုးရှေးရှုမှုသည် အခရာကျပါသည်။

ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အချင်းချင်းကြားတွင် လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုချင်းစီတွင်လည်းကောင်း၊ ကျေးလက်နှင့် မြို့ပြများကြားတွင်လည်းကောင်း တည်ငြိမ်အေးချမ်းအောင် တည်ဆောက်ပြီး လူနေမှုစနစ်ကွာဟမှုများ၊ ဆင်းရဲချမ်းသာကွာဟမှုများကို အတတ်နိုင်ဆုံးလျှော့ချကာ အားလုံးတစ်ပြေးညီတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေး ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက် ရှိရာတွင် တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများရှိနိုင်သော်လည်း လိုလားချက်များကို လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းဖြင့်လုပ်ကိုင်ခြင်းမှာ မှားယွင်းသော လမ်းစဉ်ဖြစ်သည်။ မှန်ကန်သည့် ကောင်းကျိုးရလဒ်များကို ရရှိနိုင်မည်မဟုတ်သည့်အတွက် တိုင်းရင်းသားများအကြား နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများရှိပါက တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ကြိုဆိုလျက်ရှိသည်။ ဒေသခံတိုင်းရင်းသားများက လက်နက်ကိုင်အဖွဲ့အစည်းများအား မိမိတို့လိုလားချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်း အဖြေရှာရေးအားပေးဆောင်ရွက်ကြရန်လည်း မေတ္တာရပ်ခံထားပါသည်။ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှသာ ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေး ရရှိမည်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးရရှိမှသာ မိမိတို့ဒေသများ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော၊ အေးချမ်းသာယာဝပြောသော၊ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော နေချင်စဖွယ်ရပ်ဝန်းပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာနှင့်ပဋိပက္ခများကို ဖြေရှင်းရာတွင် ပြည်တွင်းမှ ပြည်ပအနှောင်အဖွဲ့မကင်းသူများ၊ နိုင်ငံရေးအယူအဆမှိုင်းမိနေကြ သူများ၊ အတွေးအခေါ် အယူအဆလွဲမှားသူများ၊ အမျိုးသားသစ္စာဖောက်များကြောင့် စည်းလုံးညီညွတ်မှုယိုင်နဲ့ပြီး ပဋိပက္ခများကြီးထွားလာသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ပနိုင်ငံအချို့ကလည်း ပြည်တွင်းရေးပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေအထိ ဖြစ်ပေါ်လာအောင် ဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းပြည်ပြိုကွဲပါက ခေတ်သစ်ကိုလိုနီလက်သစ်များ ဝင်ရောက် စွက်ဖက်လာနိုင်သည်ကို သတိပြုရမည်ဖြစ်သကဲ့သို့ မိမိတို့အားလုံးပင် ဒုက္ခရောက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သို့ပေးပို့သည့် သဝဏ်လွှာပါ “စည်းလုံးသောနိုင်ငံ၊ ညီညွတ်သောနိုင်ငံ၊ နိုးကြားကြိုးစားသောနိုင်ငံသည် အမြဲထာဝရဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုမရှိပါက နိုင်ငံမှာရေနစ်ဆားကဲ့သို့ ပျက်စီးပျောက်ကွယ်သွားမည် သာဖြစ်ပါသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတွင်းရှိ ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအကျဆုံးနှင့်အဓိကအကျဆုံး ပကတိလိုအပ်ချက်သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဖြစ်ပါသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ ဘဝလုံခြုံမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါသည်” ဆိုသည့်ညွှန်ပြချက်ကို အလေးထားစဉ်းစားဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။           

No comments:

Post a Comment