Saturday, February 22, 2025

နိုင်ငံ၏ ဂျီဒီပီမြင့်မားရေး နိုင်ငံသားတိုင်း ကြိုးပမ်းမြှင့်တင်

 


နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product- GDP)ခေါ် အညွှန်းကိန်းနှင့် တိုင်းတာဖော်ပြသည်။ ဂျီဒီပီဆိုသည်မှာ သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် အချိန်ကာလတွင် ထုတ်လုပ်သည့်ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ စုစုပေါင်းတန်ဖိုးဖြစ်ရာ မိမိတို့နိုင်ငံအဖို့ဆိုလျှင် တစ်နှစ်တာကာလအတွင်း နိုင်ငံသူနိုင်ငံသားတို့ ထုတ်လုပ်လိုက်သည့် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ စုစုပေါင်းတန်ဖိုးပင်ဖြစ်သည်။

ဂျီဒီပီသည် နိုင်ငံသားတို့၏လုပ်အားမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး ဂျီဒီပီတိုးတက်လာမှသာ ဘတ်ဂျက်ပိုမိုအသုံးပြုနိုင်မည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ မိသားစုတစ်စုအနေဖြင့်ဆိုလျှင် မိသားစုဝင်များ အလုပ်ကိုယ်စီကြိုးစားလုပ်ကိုင်ကြပြီး မိသားစုဝင်ငွေတိုးတက် မြင့်မားလာသည်နှင့်အမျှ မိသားစု၏ လူနေမှုအဆင့်အတန်းမြင့်မားလာသည့် ဥပမာကဲ့သို့ပင်ဖြစ်သည်။ လက်ရှိမိမိတို့နိုင်ငံ၏ အခြေအနေမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဟူသောဦးတည်ချက် တစ်ခုတည်းကို အနှောင့်အယှက်ကင်းကင်းနှင့် စူးစိုက်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အလျောက် နိုင်ငံ၏ဂျီဒီပီမှာ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်အနည်းဆုံး၊ အနိမ့်ဆုံးအခြေအနေသို့ ကျရောက်နေသည်။

“နိုင်ငံ့ဂျီဒီပီတိုးတက်စေရန်အတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုဆိုရာ၌ နိုင်ငံအတွက်အခြေခံကျသော လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင် စိုက်ပျိုးရေးထွက်ကုန်စိုက်ပျိုးသီးနှံများ ပိုမိုထွက်ရှိတိုးတက်လာမည်ဆိုပါက ၎င်းကို အခြေခံသည့် စက်မှုကဏ္ဍကြီးသည်လည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍကြီးတိုးတက်လာပြီး ကုန်ထုတ်လုပ်မှုများ တိုးမြှင့်လာမည်ဆိုပါက ဝန်ဆောင်မှုကဏ္ဍကြီးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ပင် ဖြစ်သကဲ့သို့ ငွေကြေးစီးဆင်းမှုများပြားလာပြီး ဘဏ္ဍာရေးကဏ္ဍကလည်း တိုးတက်လာမည်ဖြစ်ကြောင်း” ၂၇-၁၁-၂၀၂၄ တွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မိမိတို့နိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍပေါ်တွင် အခြေခံထားခြင်းဖြစ်ရာ ယင်းကဏ္ဍမဖွံ့ဖြိုးမတိုးတက် သရွေ့နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မျှော်မှန်း၍ရနိုင်မည်မဟုတ်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်စွမ်းသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးဖြစ်နေခြင်းက နိုင်ငံ၏ဂျီဒီပီတွင်ပါ အနိမ့်ဆုံးသို့ ကျရောက်နေစေခြင်းဖြစ်သည်။ သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် ဆောင်ရွက်ရမည့်တာဝန်မှာ တောင်သူတို့၏ အလုပ်မျှသာမဟုတ်ဘဲ ကျရာကဏ္ဍမှ တစ်မျိုးသားလုံးပါဝင် ဆောင်ရွက်ရန် လိုအပ်လာသည်။ “မျိုး၊ မြေ၊ ရေ၊ နည်း” တို့ကို အချိန်မီရာသီအလိုက် ဖြည့်ဆည်းပေးရန် လိုအပ်သကဲ့သို့ တောင်သူတို့ ကြုံတွေ့ကြရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းပေးနိုင်ရန်လည်းလိုသည်။ သီးနှံပေါ်ချိန်တွင် ဈေးကွက်အာမခံချက်ရှိရန်လိုအပ်ပြီး လယ်ယာလုပ်ငန်း၏ဝင်ငွေသည်လည်း တောင်သူတို့၏ မိသားစုဝင်များကို ဆွဲဆောင်နိုင်ရမည်လည်းဖြစ်သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းအားဖြင့် နိုင်ငံ၏ဂျီဒီပီတိုးတက်လာပြီး နိုင်ငံအတွက် ဘဏ္ဍာငွေတိုးတက်ရရှိလာမည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အလုပ်သည်ဝင်ငွေကို ဖြစ်ပေါ်စေပြီး ဝင်ငွေကတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်ခြင်းဖြစ်ရာ မိမိတို့အားလုံး ကုန်ထုတ်စွမ်းအား မြင့်မားသည်ထက်မြင့်မားအောင် လုံ့လဝီရိယဖြင့် ကြိုးပမ်းအားထုတ် မြှင့်တင်ကြရပါမည့် အကြောင်း။ ။

No comments:

Post a Comment