ဟားခါး ဖေဖော်ဝါရီ ၂၁
ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာသနာ့ရက္ခိတကျောင်း၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ဓမ္မာရုံအသစ်ဆောက်လုပ် လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟားခါးပြည်သူ့ဆေးရုံကြီး သို့ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ရာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးက ဆေးရုံဆိုင်ရာ အချက်အလက်များနှင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော လူနာအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ဖြည့်စွက်ဆွေးနွေးသည်။
ဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျန်းမာရေးဝန်ထမ်းများအား လက်ဆောင်ပစ္စည်းနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ ဆေးရုံကြီးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး ခေတ်မီစက်ကိရိယာများ၊ ဆေးဝါးပစ္စည်းများနှင့် အထူးကုဆရာဝန်ကြီးများ ပြည့်စုံစွာ ဖြည့်ဆည်းပေးထားပြီး လိုအပ်သည်များကို ဆက်လက်၍ အဆင့်မြှင့်တင် ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့နောက်ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဇလပ်ရိပ်သာတွင် ဟားခါးမြို့နှင့် ထန်တလန်မြို့တို့မှ မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment