Thursday, January 9, 2025

ပကတိအခြေအနေမှန်ကို သိရှိနားလည် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းရွက်ဆောင်

 


ယနေ့ကာလတွင် ပြည်သူများကြား၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရသည်။ အဆိုပါအခက်အခဲသည် ပြည်သူများအတွက် အရေးကြီးသဖြင့် အလေးထားစရာ အရေးကိစ္စတစ်ခုဖြစ်သည်။ ဖြစ်ပေါ်နေသောအခက်အခဲများ ပြေလည်စေရေးနှင့် ဖြစ်စဉ်အမှန်၏ ပကတိအခြေအနေများကို သိရှိနားလည်ပြီး အခက်အခဲများအား ကျော်လွှားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စက်တပ်ဆင်အင်အားအနေဖြင့် ရေအားလျှပ်စစ်စက်ရုံ ၃၀ ၏ စက်တပ်ဆင်အင်အား ၃၂၃၂ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၆ ရုံ၏ စက်တပ်ဆင်အင်အား ၃၂၆၈ မဂ္ဂါဝပ်၊ ကျောက်မီးသွေးစက်ရုံ နှစ်ရုံ၏ စက်တပ်ဆင်အင်အား ၁၃၈ မဂ္ဂါဝပ်နှင့် နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ ရှစ်ရုံ၏ စက်တပ်ဆင်အင်အား ၂၄၀ မဂ္ဂါဝပ်တို့ရှိပြီး စက်ရုံစုစုပေါင်း စက်စွမ်းအားပြည့်မောင်းနှင်နိုင်ပါက မဂ္ဂါဝပ် ၄၀၀၀ အထိ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။

သို့ရာတွင် ယခုကာလ၌ တစ်ရက်ပျမ်းမျှမဂ္ဂါဝပ် ၂၂၀၀ ခန့်သာ ထုတ်လုပ်နိုင်ပြီး စုစုပေါင်းထုတ်လုပ်နိုင်မှု၏ ၅၀ ရာခိုင်နှုန်းခန့််သာ ဖြန့််ဖြူးပေးနိုင်သည်ကိုတွေ့ရသည်။ ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ မလုံလောက်မှုများ၊ အလှည့်ကျပေးဝေနေရမှုများစသည့် အခက်အခဲအမျိုးမျိုး ကြုံတွေ့လာရသည်။ အကယ်၍ လက်ရှိစက်တပ်ဆင်အင်အားစုစုပေါင်းမှ မဂ္ဂါဝပ်အပြည့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ပါက လျှပ်စစ်ဓာတ်အားကို ပြည့်မီအောင်ပေးဝေနိုင်ပြီး အခက်အခဲကြီးကြီးမားမားရှိမည်မဟုတ်ပေ။ နိုင်ငံတော်အစိုးရအနေဖြင့် တိုးပွားလာသော လူဦးရေနှင့် ကြုံတွေ့ရသောအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကိုဖွဲ့စည်းပြီး တွေ့ကြုံရသည့်အခက်အခဲများ ဖြေရှင်းနိုင်ရေးနှင့် အနာဂတ်အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေး ညှိနှိုင်းလျက်ရှိသည်။

လက်ရှိအနေအထားတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့ရခြင်းတို့နှင့် မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို အကြမ်းဖက် ဖျက်ဆီးခံရသောကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးပို့၍ မရတော့ခြင်းစသည့် အခက်အခဲအမျိုးမျိုးတို့ ကြုံတွေ့နေရသည်။ လျှပ်စစ်ဓာတ်အားကို တိုးတက်ဖြန့်ဝေမပေးနိုင်ဘဲ လျော့နည်းဖြန့်ဝေပေးရသည့် အခြေအနေဖြစ်လာသည်။ အဆိုပါအခက်အခဲအမျိုးမျိုးတို့တွင် အဖျက်သမားသောင်းကျန်းသူများက လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် စက်ရုံနှင့် ဓာတ်အားလိုင်းများကို တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ဓာတ်အားမဂ္ဂါဝပ် တစ်ထောင်ခန့် အသားတင်လျော့နည်းမှုသည် အဆိုးရွားဆုံးအခြေအနေ ဖြစ်သည်။

ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားပေးရေးကဏ္ဍ၌ အကြမ်းဖက်ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ အဖျက်မီဒီယာလွှမ်းမိုးခံရမှုကြောင့် အခြေအနေမှန်ကို မသိရှိနိုင်ဘဲ အပြုသဘောမဆောင်သည့် အဆိုးများသာ လွှမ်းမိုးနေသည်ကို တွေ့ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် အကြမ်းဖက်သောင်းကျန်းသူများက မဟာဓာတ်အားလိုင်းပေါင်း ၁၆၀ ကျော်၊ ဓာတ်အားပို့လွှတ်လျက်ရှိသည့် တိုင်ပေါင်း ၁၇၁ တိုင်၊ ဓာတ်အားလိုင်းကြိုးနေရာ ၁၃၁ နေရာကို အကြိမ်ကြိမ်ဖျက်ဆီးခံရသဖြင့် အကြိမ်ကြိမ်သွားရောက်ပြုပြင်ဆောင်ရွက်ခဲ့ရပြီး ဆောင်ရွက်နေစဉ်အတွင်း အကြိမ်ကြိမ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် သေဆုံးဒဏ်ရာရပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် လျှပ်စစ်ဝန်ထမ်းများသည် ပြည်သူများ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့လျော့နည်းမှုများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အား ပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ရေရှည်တိုးတက်သုံးစွဲလာမည်ဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံ၏ အရင်းအမြစ်များဖြစ်သော ရေ၊ နေ၊ လေတို့မှ ထုတ်လုပ်နိုင်ရေးကိုလည်း နိုင်ငံတော်က စီမံဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် လက်ရှိ၌ ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ်နားလည်သိရှိပေးနိုင်ပါရန်နှင့် အနာဂတ်တွင် ပိုမို ကောင်းမွန်လာအောင် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အား ပေးဝေမှုလျော့နည်းကျဆင်းနေမှုနှင့်ပတ်သက်၍ ပကတိအခြေအနေမှန်များကို ပြည်သူများအနေဖြင့် သိရှိနားလည်လက်ခံပြီး လတ်တလောတွင် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲခြင်းဖြင့် ကူညီကာ အကြမ်းဖက်အဖျက်အန္တရာယ် ကာကွယ်တိုက်ဖျက်ရေးနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ကျရာကဏ္ဍမှ ပါဝင်ကူညီလက်တွဲဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအသိပေးအပ်ပါကြောင်း။ ။

No comments:

Post a Comment