နေပြည်တော် ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သီရိလင်္ကာနိုင်ငံသမ္မတ မစ္စတာ အနူရာ ကုမာရ ဒစ်ဆာနာယကထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရနှင့်
ပြည်သူများကိုယ်စား မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ဆုမွန်ကောင်းများ
ပို့သအပ်ပါသည်။
မိမိတို့နှစ်နိုင်ငံအကြား
သမိုင်းဝင်ဆက်ဆံရေးသည် ရှေးရာစုနှစ်များစွာကတည်းက တည်ရှိခဲ့ပါသည်။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းတွင်
ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများနှင့် ယဉ်ကျေးမှုတို့တွင် နက်ရှိုင်းစွာအခြေခံလျက် ကဏ္ဍပေါင်းစုံနှင့်
ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးတို့ဖြင့် သံတမန်ဆက်ဆံရေးအား ဆယ်စုနှစ် ခုနစ်ခုကျော် တည်ဆောက်ထားရှိပါသည်။
မိမိတို့၏ နီးကပ်သော ယဉ်ကျေးမှုဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုနှင့် ပြည်သူများအကြား ခိုင်မာသော
ထိတွေ့ဆက်ဆံမှုတို့ကြောင့် မိမိတို့နှစ်နိုင်ငံ ပြည်သူများအနေဖြင့် များစွာအကျိုးခံစားရလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့ကို
မိမိတို့က ဂုဏ်ပြုသည့်အနေဖြင့် မိမိတို့၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်နှင့်
ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများ
ခိုင်မာစေရန်အတွက် အဆွေတော်နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်သွားမည်ဟု ထပ်လောင်းကတိကဝတ်ပြုပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့်
မြန်မာပြည်သူများ ဆက်လက်၍ ငြိမ်းချမ်းပြီး သာယာဝပြောမှုများပါစေကြောင်း ဆုမွန်ကောင်းများ
ပို့သအပ်ပါသည်။
No comments:
Post a Comment