မိမိတို့နိုင်ငံ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ “ပါတီစုံဒီမိုကရေစီစနစ်” ခိုင်မာရေးနှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” တည်ဆောက်နိုင်ရေးဖြစ်သည်။ ဒီမိုကရေစီတွင် ပြည်သူသည် ဗဟိုချက်ဖြစ်ရာ ဒီမိုကရေစီနိုင်ငံသားတိုင်း ပညာရည်ပြည့်ဝကြဖို့လိုသည်။ သို့ဖြစ်ရာ နိုင်ငံသားများကို ဒီမိုကရေစီအလေ့အကျင့်ကောင်းများ သင်ကြားပေးနိုင်မည့် ကောင်းမွန်သည့် ပညာရေးစနစ်နှင့် စဉ်ဆက်မပြတ်လေ့လာ နိုင်သည့်စနစ်တို့ ဖော်ဆောင်ပေးထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံသား
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က “တိုင်းပြည်အုပ်ချုပ်ရေးစနစ် များအနက် ဒီမိုကရေစီစနစ်ဟာ
အခက်အခဲဆုံးဖြစ်တယ်။ ဒီမိုကရေစီအောင်မြင်ဖို့ ပြည်သူပြည်သားတွေက အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား
လုံလောက်စွာရှိရမယ်။ ပညာရေးသည် နိုင်ငံတော်၏ အခြေခံအစစ်ဖြစ်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့နိုင်ငံမှာ
ဒီမိုကရေစီစနစ်ဟာ ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မယ်” ဟူ၍ဆိုခဲ့ဖူးရာ ဒီမိုကရေစီလမ်းကြောင်းကို
လျှောက်လှမ်းနေသည့် မိမိတို့နိုင်ငံအနေဖြင့် သတိပြုဆင်ခြင်ဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်
လူဦးရေစုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းခန့်သည် စာတတ်မြောက်ကြသော်လည်း အများစုမှာ မူလတန်းပညာကိုသာ
တတ်မြောက်ကြခြင်းဖြစ်ရာ ပညာရေးအားနည်းလျက်ရှိသည်။ စာမတတ်ခြင်း၊ ပညာရေးနိမ့်ကျ ခြင်းတို့က
ဘဝရပ်တည်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ခက်ခဲစေသည်။ နိုင်ငံအနေဖြင့်လည်း နိုင်ငံသူနိုင်ငံသားတို့
ပညာရေးနိမ့်ကျခြင်းက နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ အားနည်းချို့တဲ့စေသည်။
ကမ္ဘာပေါ်တွင်
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းသည် ပညာရေးကို အားပေးသည့်နိုင်ငံများ၊ ပညာရေးကဏ္ဍတွင်
အလေးထား၍ ရင်းနှီးမြှုပ်နှံကြသည့်နိုင်ငံများ ဖြစ်ကြသည်။ နိုင်ငံသားများ ပညာရည်မြင့်မားခြင်းအားဖြင့်
နိုင်ငံတည်ဆောက်ရေးတွင်ရော၊ နိုင်ငံရေးစနစ် တည်ငြိမ်ရေးတွင်ပါ အကျိုးဖြစ်ထွန်းစေသည်။
ဒီမိုကရေစီစနစ်တွင် နိုင်ငံသားများ ပညာရေးနိမ့်ကျခြင်း၊ ဆင်းရဲ နွမ်းပါးမှုများပြားခြင်း၊
ပါတီစွဲပုဂ္ဂိုလ်စွဲကြီးမားခြင်းတို့က အန္တရာယ်ပင်ဖြစ်သည်။ ပညာရည်မြင့်မားသည့်နိုင်ငံများတွင်
နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု ဖြစ်ပေါ်ပါက နိုင်ငံရေးယဉ်ကျေးမှုဖြင့် ဖြေရှင်းကြစမြဲဖြစ်သော်လည်း
ပညာရေးနိမ့်ကျသည့် နိုင်ငံများတွင်မူ ပဋိပက္ခများ ဖြစ်ပေါ်လာလေ့ရှိသည်ကို ကမ္ဘာ့သတင်းမြင်ကွင်းများတွင်
တွေ့ရှိနိုင်သည်။ သို့ဖြစ်ရာ ပြည်သူအများ၏ လူမှုစီးပွားဘဝများ မြင့်မားလာအောင် မြှင့်တင်ပေးခြင်းနှင့်အတူ
အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။
နိုင်ငံသူ နိုင်ငံသားတို့
အသိပညာဗဟုသုတ တိုးပွားမြင့်မားရေးတွင် ကျောင်းစာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များ၊
မြို့နယ်၊ ခရိုင်စာကြည့်တိုက်များစသည်တို့မှာ လူငယ်လူရွယ်များ၊ ပြည်သူများနှင့် အနီးဆုံးတွင်ရှိနေကြရာ
ကျော်လွှားမသွားကြရန် အရေးကြီးသည်။ မိမိတို့၏ နေ့စဉ်လူမှုဘဝထဲမှ အချိန်အနည်းငယ်မျှကို
စာပေဖတ်ရှုရာတွင် အသုံးချလိုက်ခြင်းအားဖြင့် အနာဂတ်ဘဝအတွက် အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည်။
ယနေ့ခေတ်တွင် အွန်လိုင်းမီဒီယာများမှ စာပေဖတ်ရှုကြရာတွင် မိမိတို့အတွက် အကျိုးဖြစ်ထွန်းစေသည့်
စာပေမျိုးကို ရွေးချယ် ဖတ်ရှုကြရန်နှင့် အချိန်ကုန်၊ အကျိုးမရှိ၊ အဆိပ်အတောက်ဖြစ်စေသည့်
စာပေမျိုးကို ရှောင်ရှားကြရန်လည်း သတိပြုကြရမည် ဖြစ်သည်။
လူငယ်များ စာပေဖတ်ရှုမှုအလေ့အထသည်
အမိ၊ အဖနှင့် မိသားစုမှလည်းကောင်း၊ ကျောင်းစာကြည့်တိုက်များမှလည်းကောင်း စတင်ခြင်းဖြစ်ရာ
စာသင်ကျောင်းများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ခြင်းကို အလေးဂရုပြုကြရန်၊ အဆင့်မြှင့်တင်ပေးခြင်းများ
ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်ကို စိတ်ပါဝင်စားနေစေရန်အတွက်
ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများကဲ့သို့သော လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
စာကောင်းပေမွန်များ ဖတ်ရှုလေ့လာခြင်းမှတစ်ဆင့် မှန်ကန်ကောင်းမွန်သည့် အသိပညာများ စုဆောင်းရရှိထားခြင်းသည်
ဘဝတစ်လျှောက်လုံးအတွက် မီးရှူးတန်ဆောင် အလင်းရောင်သဖွယ် အမှောင်ကိုခွင်း၍ လမ်းမှန်ကိုပြနိုင်မည်ဖြစ်သည့်အလျောက်
လူတိုင်းစာဖတ်ကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
No comments:
Post a Comment