Monday, November 4, 2024

အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုဖြင့် နိုင်ငံ့အကျိုး ဝိုင်းဝန်းသယ်ပိုး

 


မြန်မာနိုင်ငံတွင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်ကြသည်။ ထို့အပြင် မတူကွဲပြားသော ဗုဒ္ဓ၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်ဘာသာကြီးလေးမျိုးနှင့် အခြားသောနှစ်သက်ရာတို့ကို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသည်။ မတူကွဲပြားမှုများပေါင်းစုပြီး နားလည်မှုရှိရှိဖြင့် စုဝေးနေထိုင်ကြသော ပြည်ထောင်စုကြီးသည် နှစ်လိုဖွယ်ရာအတိဖြစ်သည်။ အေးချမ်းသာယာဝပြောမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်သည်။

၂၀၂၄ ခုနှစ် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့ မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွ ကြီးပြင်းလာကြသူများဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ ယုံကြည်ရာဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်း” ပြောကြား ခဲ့သည်။

ပြည်ထောင်စုအတွင်း၌ မတူကွဲပြားသော ဘာသာတရားများ၊ လူမျိုးများ ပေါင်းစုနေထိုင်ကြသော်လည်း မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုများ ထိခိုက်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားနေရသည့်အကြောင်းရင်းကို ဆန်းစစ်လေ့လာသုံးသပ် ကြည့်ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပြဿနာပဋိပက္ခများသည် နိုင်ငံရေးအရဖြစ်ပေါ်လာသောပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းလိုမှုမရှိသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီ ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း ပြဿနာကြီးမားကြာရှည်စွာ မဖြစ်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ နိုင်ငံရေးပြဿနာများဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်ကာလတွင် မြန်မာနိုင်ငံနှင့်ခံယူချက်မတူသော ပြည်ပနိုင်ငံအချို့က နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့်လှုံ့ဆော်မှုအမျိုးမျိုးကိုအခြေခံသည့် ပြဿနာများ ဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဤအမိမြန်မာပြည်တွင် ဤမြေ၊ ဤရေ၊ ဤလေ၊ ဤသယံဇာတများကို အညီအမျှသုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ဖြစ်စေ မြန်မာနိုင်ငံကို ချစ်သည့်စိတ်၊ တန်ဖိုးထားသည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုအပ်သည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အတိုင်း အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဖြစ်ပေါ်နေသော ပဋိပက္ခပြဿနာများ လုံးဝချုပ်ငြိမ်းပြီး အေးချမ်းစွာအတူ လက်တွဲနေထိုင်ကြကာ မျှော်မှန်းထားသော လမ်းကြောင်းအမှန်ပေါ်သို့ အမြန်ဆုံးရောက်ရှိရေးအတွက် မတူကွဲပြားသူအားလုံး ပေါင်းစည်းလက်တွဲပြီး ဆောင်ရွက်ကြရန်လိုသည်။

မတူကွဲပြားမှုများ ပေါင်းစည်းပြီး အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စုစည်းညီညွတ်သော အင်အားများရရှိလာစေရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဖိတ်ခေါ်ကြိုဆိုလျက်ရှိသည်။ မြန်မာနိုင်ငံသည် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် လွတ်လပ်စွာနေထိုင်လုပ်ကိုင်ခွင့်ရှိသည့် လွတ်လပ်သောနိုင်ငံဖြစ်သည်။ အများပြည်သူတို့၏ လွတ်လပ်သောဆန္ဒဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ လူမျိုးရေးအရလည်းကောင်း၊ ယုံကြည်မှုအရလည်းကောင်း၊ နယ်မြေဒေသအရလည်းကောင်း ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသည့် ဘာသာပေါင်းစုံတို့နှင့်ပတ်သက်သည့် ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ လူမျိုးစုများဆိုင်ရာ အထိမ်းအမှတ်နေ့များနှင့် အခမ်းအနားများကို နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သမျှ အားပေးကူညီနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပဋိပက္ခများ ချုပ်ငြိမ်းသွားမှသာ မတူကွဲပြားသော ပြည်ထောင်စုသားများအားလုံး အေးချမ်းစွာ အတူလက်တွဲနေထိုင်နိုင်မည်ဖြစ်သည့် အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနေသလို နိုင်ငံရေးနည်းလမ်းကိုလက်မခံဘဲ အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းရွေးချယ်သူ အကြမ်းဖက်သမားများကို စုစည်းညီညွတ်သောအင်အားဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ မတူကွဲပြားမှုများ ပေါင်းစုပြီး စုစည်းညီညွတ်သောအင်အားဖြင့် နိုင်ငံသားအချင်းချင်း တစ်ဦးအပေါ် တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုများ မျှဝေကြပြီး နိုင်ငံ့အကျိုးနှင့်ကမ္ဘာတစ်ခွင် ငြိမ်းချမ်းသာယာဝပြောမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment