“မြန်မာနိုင်ငံတွင် ယခင်ကာလများက ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် ပညာအရည်အချင်းနိမ့်ပါးသူများသာ လူကုန်ကူးခံရသည့် ပြဿနာများ ပေါ်ပေါက်ခဲ့ သော်လည်း ယခုကာလတွင် ပညာတတ်များလည်း လူကုန်ကူးခံရ သည့် ဖြစ်စဉ်များတွင် ပါဝင်နေကြောင်း တွေ့ရှိနေရပါသည်။ လူကုန်ကူးသူများသည် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို အခြေခံကာ Facebook, Wechat, Telegram,TikTok များအသုံးပြုပြီး မက်လုံးပေးစည်းရုံး၍ အွန်လိုင်းလိမ်လည်မှုခင်းများ ကျူးလွန်လာကြရာမှ ၎င်းနှင့်ဆက်နွှယ်ပြီး လူကုန်ကူးမှုများ၊ တရားမဝင်လူစုဆောင်းခြင်းများ၊ လိမ်လည်မှုများ ပြုလုပ်ကာ လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ခိုင်းစေခြင်းနှင့် အဓမ္မအငှားကိုယ်ဝန်ဆောင်စေခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိ ကြောင်း တွေ့ရှိလာရပါသည်” ဟူ၍ ယခုနှစ် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ပေးပို့သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။
တရုတ်အမျိုးသား၏
ဇနီးမယားအဖြစ် ဝယ်ယူရန် အထက်ပါလူမှုကွန်ရက်များပေါ်မှ ကြော်ငြာမှုများ အများအပြားရှိနေပြီး
ငွေကြေးပမာဏများပြားစွာပေးမည်၊ တရားဝင်လက်ထပ်ယူမည်စသည့် မက်လုံးများပေးကာ ဆွဲဆောင်စည်းရုံးကြပြီး
ရလာသည့် သားကောင်ကို ရောင်းစားကြခြင်းဖြစ်သည်။ အချို့လည်း အလုပ်ကောင်းကောင်းရမည်ဟု
လိမ်ညာခေါ်ဆောင်သွားပြီး တစ်ဖက်နိုင်ငံတွင် ပွဲစားမှတစ်ဆင့် လိမ်လည်ရောင်းစားကြခြင်းဖြစ်ရာ
အချို့မြန်မာအမျိုးသမီးများမှာ မိုင်ထောင်ချီဝေးကွာသည့် တရုတ်နိုင်ငံအတွင်းပိုင်းဒေသများအထိ
လူကုန်ကူးခံကြရကြောင်း သတင်းများတွင်တွေ့ရသည်။ လူကုန်ကူးမှုတွင် တရားမဝင်လမ်းကြောင်းက
ပြည်ပသို့သွားရောက်ကြရာမှ လူကုန်ကူးခံရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသော်လည်း နောက်ပိုင်းတွင်
နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်သွားရောက်သည့်ပုံစံများဖြင့် လူကုန်ကူးသည့် ဖြစ်စဉ်များလည်း
ဖြစ်ပေါ်လာသည်။
ပြီးခဲ့သည့် အောက်တိုဘာ
၂၄ ရက်က မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာမည့် တရုတ်နိုင်ငံသားတစ်ဦးနှင့်
မြန်မာအမျိုးသမီးငယ်သုံးဦးတို့ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် သက်ဆိုင်ရာက စစ်မေးခဲ့ရာမှ
Facebook, TikTok အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးစုစည်းခေါ်ဆောင်ခံရသူများဖြစ်ကြောင်း
ပေါ်ပေါက်ခဲ့သည့်အပြင် မန္တလေးမြို့တွင်းတစ်နေရာတွင် စုစည်းထိန်းချုပ်ထားသည့် အခြားအမျိုးသမီးငယ်
၁၁ ဦးတို့ကိုပါ ဖော်ထုတ်ကယ်တင်နိုင်ခဲ့သည်။ မန္တလေးမြို့တွင် အခြေချ၍ လူကုန်ကူးမှု
ဂိုဏ်းဖွဲ့ကျူးလွန်သူများမှာ မြန်မာနိုင်ငံတွင် အသုံးများသည့် Facebook, TikTok လူမှုကွန်ရက်တို့မှတစ်ဆင့်
အမျိုးသမီး ငယ်များကိုရှာဖွေကာ မက်လုံးပေးစည်းရုံးခဲ့ကြခြင်းဖြစ်သည်။ မိမိနိုင်ငံတွင်
အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ဝင်ငွေနည်းပါးခြင်း စသည့်အကြောင်းများနှင့် မိသားစုကို
ပိုမိုထောက်ပံ့ပေးနိုင်ရန်၊ ကြွေးမြီများပေးဆပ်နိုင်ရန်စသည့် ရည်ရွယ်ချက်များ၊ လူကုန်ကူးသူများက
ပြောကြားသည့် မြူဆွယ်စကားများနှင့် မက်လုံးများ စသည်တို့က အမျိုးသမီးငယ်များကို စည်းရုံးမှုခံရ
သည့် အခြေအနေသို့ ကျရောက်စေခဲ့ခြင်းဖြစ်သည်။
သတိပြုရမည့်အချက်မှာ
လူကုန်ကူးသူများက အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် အမျိုးသမီးအချင်းချင်း စည်းရုံး
မြူဆွယ်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး တရားဝင်လမ်းကြောင်းမှ တစ်ဆင့် ပြည်ပသို့ ထွက်ခွာသည့်ပုံစံသို့
ပြောင်းလဲလာခြင်းပင်ဖြစ်သည်။ ထို့အပြင် အလုပ်အကိုင်ကောင်းကောင်းရမည်၊ ဝင်ငွေကောင်းကောင်းရမည်၊
ငွေကြေးပမာဏ အမြောက်အမြားရမည်၊ ချမ်းချမ်းသာသာနေရမည်စသည်ဖြင့် လိမ်ညာမှုများ၊ မြူဆွယ်
မှုများ၊ မက်လုံးပေးမှုများ၏ နောက်ကွယ်တွင် လူလူချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ကျေးကျွန်သဖွယ်
အဓမ္မခိုင်းစေမှုတို့၏ သားကောင်ဘဝသို့ ကျရောက်နိုင်သည်ကို သတိကြီးစွာ ပြုကြရန်နှင့်
ပြည်သူအားလုံး လူကုန်ကူးမှုအသိပညာဗဟုသုတ ပြည့်စုံကြစေရန် မိမိတို့ပတ်ဝန်းကျင်၌ လူကုန်ကူးမှု
မသင်္ကာဖွယ်များတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ကြရန် တိုက်တွန်းလိုက်ရပါကြောင်း။
။
==================
No comments:
Post a Comment