Wednesday, November 6, 2024

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဦးစားပေး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ သွားရောက်သောခရီးစဉ်တွင် ကူမင်းမြို့၌ နိုဝင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများသို့ ပါဝင်တက်ရောက်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တောင်အာရှ၊ အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသရှိ ဒေသတွင်းနိုင်ငံများအားလုံးနှင့် တစ်ဆက်တစ်စပ်တည်းတည်ရှိနေသောနိုင်ငံဖြစ်၍ မဟာဗျူဟာအချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သလို ဖော်ပြပါအာရှဒေသတွင်းနိုင်ငံ ခြောက်နိုင်ငံနှင့် ပေါင်းစုဖွဲ့စည်းထားသည့် မဟာမဲခေါင်ဒေသခွဲ (GMS) အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အရှေ့တောင်အာရှနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာနေထိုင်လျက်ရှိပြီး နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

အင်ဒိုချိုင်းနားကျွန်းဆွယ်ပေါ်တွင်တည်ရှိသည့် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ပါဝင်သည့် မဟာမဲခေါင်ဒေသခွဲ(GMS)နိုင်ငံများသည် ရှေးအစဉ်အဆက် ရင်းနှီးချစ်ကြည်စွာဖြင့် နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်လာခဲ့ကြသောနိုင်ငံများဖြစ်သည်။ အထူးသဖြင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မဲခေါင်မြစ်ကော်မရှင်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့် အာဆီယံ-မဲခေါင် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

မဟာမဲခေါင်ဒေသခွဲ (GMS) ၏ ပူးပေါင်းဆောင်ရွက်မှု အဓိကရည်ရွယ်ချက်များမှာ ပိုမိုပေါင်းစည်း၍ ပြည့်စုံကြွယ်ဝပြီး လိုက်လျောညီထွေမှုရှိသည့် မဲခေါင်ဒေသခွဲဖြစ်လာစေရေး၊ ချိတ်ဆက်မှုပိုမိုကောင်းမွန်လာစေရေး၊ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာစေရေးနှင့် အသိုက်အဝန်းစိတ်ဓာတ် မြှင့်တင်ရေးတို့ဖြစ်သည်။ မဟာဗျူဟာ ဦးတည်ချက်များမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကုန်သွယ်ရေးနှင့်သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကဏ္ဍ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ၊ အခြားကဏ္ဍပေါင်းစုံနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များကဏ္ဍတို့ကို အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်။

မဟာမဲခေါင်ဒေသခွဲ (GMS)၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များတွင် မြန်မာနိုင်ငံနှင့် အဖွဲ့ဝင်နိုင်ငံများ အားတက်သရော လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များအားခေတ်မီ နည်းစနစ်များအသုံးပြုပြီး ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှုအရည်အသွေးပြည့်ဝရေးအတွက် GMS ၏ ကျန်းမာရေးမဟာဗျူဟာနှင့် ချိတ်ဆက်ပြီး ဒေသဆိုင်ရာအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

မဟာမဲခေါင်ဒေသခွဲ (GMS) ၏ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် အားတက်သရော ပူးပေါင်းဆောင်ရွက်နေရာ အောင်မြင်ဖြစ်ထွန်းမှုများ ရရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အောင်မြင်အောင်ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ နိုင်ငံတကာတွင် လိုအပ်နေသည့် စားရေရိက္ခာဖူလုံရေးကို များစွာအထောက်အကူပြုသည့်နိုင်ငံဖြစ်သည်။ ထိုအခြေခံကောင်းများကို အောင်မြင် ဖြစ်ထွန်းအောင်ဆောင်ရွက်ရာတွင် မဟာမဲခေါင်ဒေသခွဲ(GMS)နှင့် ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်များသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုလျက်ရှိသည်။

သို့ဖြစ်ရာ မဟာမဲခေါင်ဒေသခွဲ (GMS) နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းနေသည့် GMS ထိပ်သီးအစည်းအဝေး၊ GMS စီးပွားရေးဖိုရမ်၊ GMS ဝန်ကြီးအဆင့်အစည်းအဝေး၊ GMS အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ကဏ္ဍအလိုက်အဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေးများကို စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိရာ ယခုကျင်းပပြုလုပ်မည့် GMS ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။         

No comments:

Post a Comment