Wednesday, November 6, 2024

တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြမည်

 


နေပြည်တော် နိုဝင်ဘာ ၅

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၁ ရက် မှ ၁၅ ရက်အထိ ကျင်းပမည့် တရုတ် - မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်ပြီး ဝန်ကြီးဌာနခြောက်ခုမှ ဝန်ထမ်းများဖြင့်စုဖွဲ့၍ တက်ရောက်ကြမည်ဖြစ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ “ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးမှသည် ပိုမိုတိုးတက်အောင်မြင်မည့် နွေးထွေးသည့် တရုတ် - မြန်မာဆက်ဆံရေး Video Clip ကို ပြသသည်။

ယဉ်ကျေးမှုဖလှယ်​ရေး

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ယခုမိမိဦးစီးပြီး တရုတ် - မြန်မာယဉ်ကျေးမှုဖလှယ်​ရေးအတွက် စုစု​ပေါင်းအင်အား ၄၈ ဦး သွားရောက်ကြမည်ဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာ​စေ​ရေးအတွက် အ​​ထောက်အကူပြုမည်ဖြစ်၍ ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ အဖွဲ့ဝင်များအ​နေဖြင့် ခရီးစဉ်စတင်သည်မှ ပြန်လည်​ရောက်ရှိသည်အထိ မိမိတို့၏ အစဉ်အလာရှိပြီးဖြစ်​သော မြတ်နိုးဖွယ် မြန်မာ့ယဉ်ကျေးမှုကို ပြသမည်၊ နှစ်နိုင်ငံချစ်ကြည်​ရေးအတွက် တစ်ဖက်တစ်လမ်းမှပါဝင်​ ဆောင်ရွက်သွားမည်ဆိုသည့် စိတ်ဓာတ်​မွေးမြူကြစေလိုပါကြောင်း၊၊

တရုတ် - မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုနှင့် နားလည်မှုများမြှင့်တင်နိုင်ရန်၊ ယဉ်ကျေးမှုဖလှယ်နိုင်ရန်၊ ထူးခြားကြွယ်ဝသည့် ခရီးသွားလုပ်ငန်းအရင်းအမြစ်များကို မြှင့်တင်နိုင်ရန် ယခုကဲ့သို့ အခမ်းအနားများကျင်းပ၍ ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေးများကို မြှင့်တင်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများအကြားတွင် ကူးလူးဆက်ဆံဖလှယ်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်နက်ရှိုင်းမှုများ ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း ​ပြောကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ခရီးစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ ဝန်ကြီးဌာနခြောက်ခုမှ ဝန်ထမ်းများက မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားနှင့် (၄)ကြိမ်မြောက် Twin City မီဒီယာဖိုရမ်၏ ပုဂံနှင့်တွေ့ဆုံခြင်းအခမ်းအနားတို့တွင် ကပြဖျော်ဖြေတင်ဆက်ကြမည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “မှုံရွှေရည် ”ယိမ်းအက၊ “စံတော်ချိန် တီးလုံးအကနှင့် “မလေးလက်ခတ်သံ တေးသီချင်း သရုပ်ဖော် အကတို့ဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင် ဝန်ထမ်းများက “ပုဂံ အက၊ “ရုပ်သေးကြိုးဆွဲ ၊ “ကမျိုးစုံစွာ ပတ်မဆစ်တစ်ရာ ယိမ်းအကနှင့် “လှမ်းခဲ့ပေါ့မန္တလာမြေ ယိမ်းအကတို့ဖြင့်လည်းကောင်း ဝတ်စုံပြည့်ဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်တွင် ဆွေးနွေးပြောကြားရမည့်အချက်များ၊ ဖျော်ဖြေတင်ဆက်ရမည့်အချက်များနှင့် ခင်းကျင်းပြသရမည့် အချက်များကို အသေးစိတ်ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် (၄)ကြိမ်မြောက် တရုတ် - မြန်မာ Twin City မီဒီယာဖိုရမ်၏ ပုဂံနှင့်တွေ့ဆုံခြင်း အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ခင်းကျင်းပြသမည့် မြန်မာ့ရိုးရာယွန်းထည်များနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ခင်းကျင်းပြသမည့် ခရီးသွားရှုခင်းဓာတ်ပုံများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ စီစဉ်ကျင်းပမည့် ၂၀၂၄ ခုနှစ် တရုတ်- မြန်မာယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းဦး​ဆောင်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်း ၄၁ ဦးနှင့် ပြင်ပ မီဒီယာနှင့် အဖွဲ့အစည်းများမှ ၇ ဦး စုစုပေါင်း ၄၈ ဦးတို့ ပါဝင်တက်ရောက်ကြမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်ရေး

ယင်းအစီအစဉ်တွင် ၂၀၂၄ အွန်လိုင်း New Media မွမ်းမံသင်တန်း၊ တရုတ် - မြန်မာ စိုက်ပျိုးရေးအရည်အသွေးသစ် ကုန်ထုတ်စွမ်းအင်တီဗွီအစီအစဉ် အတူတကွဖန်တီးရေး၊ မီဒီယာများနှင့် သတင်းကဏ္ဍ ၂၀၂၅ ခုနှစ်ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်- မြန်မာနိုင်ငံတကာပြန်ကြားရေးနှင့် ဘာသာပြန်အလုပ်ရုံ ပထမအသုတ် ဂန္ထဝင်စာပေများ အပြန်အလှန် ဘာသာပြန်ဆိုထုတ်ဝေရေး၊ တရုတ် - မြန်မာခရီးသွားထွက်ကုန်မိတ်ဆက်ခြင်း၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးဆောင်ရွက်ကြမည့်အပြင် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အဖြစ် မြန်မာ့ရိုးရာအကအလှနှင့် ရုပ်သေးအကတို့ဖြင့် တင်ဆက်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ရာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ အကြားချစ်ကြည်ရင်းနှီးမှု၊ နားလည်သဘောပေါက်မှုများ ပိုမိုတိုးမြင့်စေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မြဲစေရန် အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment