Wednesday, November 6, 2024

ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ

 


အမေရိကန်သမ္မတရွေးကောက်ပွဲကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားကြသည်။ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ သမ္မတအပြောင်းအလဲသည် ကမ္ဘာ့ရေးရာများအပေါ်တွင်လည်း သက်ရောက်မှု ကြီးကြီးမားမားဖြစ်ပေါ်ခြင်းက စိတ်ဝင်စားကြရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။ ယခုနှစ် ယှဉ်ပြိုင်ကြသည့် သမ္မတလောင်းနှစ်ဦးတို့မှာ တစ်ဦးက တစ်ကျော့ပြန်ရွေးကောက်ခံသူ သမ္မတဟောင်းဖြစ်ပြီး ကျန်တစ်ဦးက ရွေးကောက်ခံရပါက အမေရိကန်နိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်လာမည့် အိန္ဒိယနွယ်ဖွား အမျိုးသမီးဖြစ်ခြင်းတို့ကလည်း ပို၍စိတ်ဝင်စားဖွယ်ဖြစ်သည်။

ကမ္ဘာ့အင်အားအကြီးဆုံး သက်တမ်းရင့် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ်ဖြစ်နေကြောင်း သတင်းများတွင် တွေ့ရှိနေရာထွက်ပေါ်လာမည့် ရလဒ်နှင့်ဆက်လက်ဖြစ်ပေါ် လာနိုင်ဖွယ်ရှိသည့် အခြေအနေတို့မှာလည်း စိတ်ဝင်စားဖွယ်ကောင်းနေသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်၏ အရေးကြီးသော စံတစ်ရပ်ပင်ဖြစ်ပြီး ရွေးကောက်ပွဲများ ကျင်းပခြင်းသည် ပြည်သူအများစု၏ ဆန္ဒဖြင့် အစိုးရတစ်ရပ်ကို တင်မြှောက်နိုင်ရန်နှင့် ပြည်သူအများစု မနှစ်သက်သည့် အစိုးရကို ဖြုတ်ချရန်ဟူသော အနက်အဓိပ္ပာယ်ကိုဆောင်သည်။

မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ(၇)ရက်၊ လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေရာ ၄၀ ကျော်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ (၁) ရက်၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာ (၈) ရက်နှင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်တို့တွင် ကျင်းပခဲ့သည်။ ရှေ့တွင်ကျင်းပခဲ့သမျှ ရွေးကောက်ပွဲများမှာ လွတ်လပ်မှုနှင့် တရားမျှတမှုစံနှုန်းတို့အတွက် ကြီးကြီးမားမား အငြင်းပွားမှုမရှိ၊ အားလုံးပြေလည်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာမူ မဲမသမာမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရန် တပ်မတော်နှင့် နိုင်ငံရေးပါတီများက UEC အဆင့်၊ ယင်းမှ ပြည်ထောင်စုလွှတ်တော်အဆင့်၊ ယင်းနောက် အစိုးရအဆင့်သို့ ဥပဒေနှင့်အညီ တောင်းဆိုခဲ့သည်။ တပ်မတော်က စိစစ်တွေ့ရှိခဲ့သည့် မဲမသမာမှုပေါင်း ၁၀၄၈၂၁၁၆ (၁၀ သန်းကျော်)ရှိကြောင်းကိုလည်း ထုတ်ပြန်ခဲ့သည်။ ပမာဏကြီးမားစွာပြုလုပ်ထားခဲ့သည့် မဲမသမာမှုများအပေါ် သက်ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အနေဖြင့် ရင်ဆိုင်မဖြေရှင်းရဲသည့် အခြေအနေအထိ ဖြစ်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။ အကယ်၍သာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် လွတ်လပ်သန့်ရှင်းတရားမျှတစွာဖြင့် အောင်အောင်မြင်မြင် ချောချောမောမောပြီးမြောက်ခဲ့မည်ဆိုပါလျှင် ယခုကာလသည် တတိယမြောက်လွှတ်တော်နှင့် အစိုးရသက်တမ်းကာလဖြစ်ပြီးလာမည့် နှစ် ၂၀၂၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရတော့မည့်အချိန်ဟု ဆိုနိုင်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးပင်ဖြစ်ပြီး ခိုင်လုံသည့် အခြေခံမဲစာရင်းများရရှိရေးအတွက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပရာတွင်လည်း ဒေသအလိုက်လုံခြုံရေး အခြေအနေပေါ်မူတည်ပြီး ကျင်းပနိုင်သည့် နယ်မြေများကို ဦးစွာကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ လတ်တလောလုံခြုံရေး အခြေအနေအရ ကျင်းပနိုင်ခြင်း မရှိသေးသည့် နယ်မြေများကို လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ပြီး ဆက်လက်ကျင်းပနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၄)တွင် ပြောကြားထားသည်။

မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် မှန်ကန်သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို တည်ဆောက်လျက်ရှိရာတွင် ပြည်သူလူထုတစ်ရပ်လုံး တက်ကြွစွာပူးပေါင်းပါဝင်သည်နှင့်အမျှ အချိန်တိုအတွင်း လျင်လျင်မြန်မြန် အောင်မြင်နိုင်ပါမည့်အကြောင်း။       

No comments:

Post a Comment