Wednesday, November 6, 2024

ပြည်တွင်းသုံးငွေစက္ကူများ သစ်လွင်သန့်ရှင်းမှုရှိစေရေးနှင့် ငွေစက္ကူကိုင်တွယ်ဆောင်ရွက်မှုအခြေအနေများ ဆွေးနွေးပွဲကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၅

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးစီမံခန့်ခွဲမှုဌာနကြီးက ပြည်တွင်းသုံးငွေစက္ကူများ သစ်လွင်သန့်ရှင်းမှုရှိစေရေးနှင့် ငွေစက္ကူကိုင်တွယ်ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀(င)အရ ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် သန့်ရှင်းကောင်းမွန်ပြီး လုံခြုံရေးအဆင့်အတန်း မြင့်မားသော ငွေစက္ကူများ ကိုင်တွယ်သုံးစွဲနိုင်ရေးကို အဓိကဦးတည်ချက်ထားလျက် မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံအတွင်း ဟောင်းနွမ်းစုတ်ပြဲနှင့် ချွတ်ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရေးနှင့် ပြည်သူများအကြား ငွေစက္ကူကိုင်တွယ်အသုံးပြုမှုပုံစံ မှန်ကန်ပြီး အလွယ်တကူမပျက်စီးစေရေးအတွက် အသိပညာပေးဆောင်ရွက်ရာတွင် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသော ဘဏ်များ၏အခန်းကဏ္ဍသည် များစွာအရေးကြီးသဖြင့် ဘဏ်များ၏ တာဝန်ရှိသူများကို ယခုကဲ့သို့ ဖိတ်ခေါ်ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးစီမံခန့်ခွဲမှုဌာနကြီး ညွှန်ကြားရေးမှူးချုပ်က အများပြည်သူ ကိုင်တွယ်သုံးစွဲငွေများတွင် သစ်လွင်သန့်ရှင်းကောင်းမွန်သော ငွေစက္ကူများကို လည်ပတ်သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ဘဏ်များမှဗဟိုဘဏ်သို့ ဘဏ္ဍာငွေများ ပြန်လည်ပေးပို့ရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ ငွေစက္ကူ၏ ပုံသဏ္ဌာန်ကို ပျက်ယွင်းစေခြင်းဆိုင်ရာကိစ္စရပ်များ၊ ငွေစက္ကူများကို အကျိုးအမြတ်ရယူ၍ ရောင်းဝယ်ဖောက်ကားခြင်းအားတားမြစ်ချက်များ၊ ငွေစက္ကူအတုနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် သတိပြုလျက် ကာကွယ်ဆောင်ရွက်ရန်အချက်များ၊ MIS မှ တစ်ဆင့် စာရင်းများပြုစုပေးပို့ခြင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် ဘဏ်များမှ အထူးအလေးဂရုပြု ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုသော အချက်များကို ဆွေးနွေးပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment